ဆင်းကတ်မှတ်ပုံတင်ခြင်း သတ်မှတ်ရက်ကုန်ဆုံးရန် ရက်အနည်းငယ်သာ ကျန်ရှိ

ဆင်းကတ်မှတ်ပုံတင်ခြင်း သတ်မှတ်ရက်ကုန်ဆုံးရန် ရက်အနည်းငယ်သာ ကျန်ရှိ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ဆင်းကတ်မှတ်ပုံတင်ခြင်းရက်
ကုန်ဆုံးရန် ရက်အနည်းငယ်သာကျန်ရှိတော့သဖြင့် ဆင်းကတ်များ လိုင်းပိတ်သိမ်းမှုမရှိစေရန်
ပြည်တွင်းရှိမိုဘိုင်းဖုန်းအသုံးပြုသူများ အချိန်မီမှတ်ပုံတင်ရမည် ဖြစ်သည်။

လက်ရှိအချိန်ထိ တယ်လီနောမြန်မာသုံးစွဲသူ ၁၉ သန်းနီးပါးရှိသည့်အနက် ၈ဝ ရာခိုင်နှုန်းကျော်မှာ
မှတ်ပုံတင်ပြီးဖြစ်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) တွင် သုံးစွဲသူ ၂၃ သန်းကျော်
အနက် မှတ်ပုံတင်ပြီးထားသူ ရ၈ ရာခိုင်နှုန်းနှင့် အူရီဒူးမြန်မာတွင် သုံးစွဲသူရှစ်သန်းနီးပါးအနက်
ဆင်းကတ်မှတ်ပုံတင်ပြီးသူ ရဝ ရာခိုင်နှုန်းကျော်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

MEC Tel  ဆင်းကတ်အသုံးပြု ငါးသန်းနီးပါးရှိသည့်အနက် ဆင်းကတ်မှတ်ပုံတင်ပြီးသူမှာ ၉ဝ
ရာခိုင်နှုန်းမှတ်ပုံတင်ပြီးဖြစ်သည်။ မိုဘိုင်းဆင်းကတ်များကို မှတ်ပုံတင်ထားခြင်းဖြင့် သုံးစွဲသူများ
သည် မိုဘိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်သော ငွေရေးကြေးရေးဝန်ဆောင်မှုများကို လုံခြံုစိတ်ချစွာ
အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ဆင်းကတ်ပျောက်ဆုံးခြင်း သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာပြဿ     နာ
များရှိလာပါကလည်း ဖြေရှင်းနိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာန၊ တာဝန်ရှိသူများက ပြောကြားထားသည်။

ပြည်တွင်း၌ ဝန်ဆောင်မှုပေးလျက်ရှိသည့် ဆက်သွယ်ရေးအော်ပရေတာများသည် ဆင်းကတ်
မှတ်ပုံတင်ခြင်းအတွက် သက်ဆိုင်ရာအော်ပရေတာများ၏ မိုဘိုင်းဖုန်းဆိုင်များ၊ ပြည်တွင်းရှိဘဏ်
များနှင့်ချိတ်ဆက်ကာ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ပေးထားသည့်အပြင် နယ်မြို့များတွင်လည်း
ဆင်းကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုများကို ကိုယ်တိုင်ကိုယ်ကျသွားရောက် ဝန်ဆောင်မှုပေးခြင်း၊
အွန်လိုင်းမှမှတ်ပုံတင်နိုင်ရန်လည်း ဝန်ဆောင်မှုပေးထားသည်။

မိုဘိုင်းဖုန်းသုံးစွဲသူများနှင့် ဆက်သွယ်ရေးအော်ပရေတာများအကြား ဆင်းကတ်မှတ်ပုံတင်ခြင်း
ဆောင်ရွက်ရာတွင် အနည်းငယ်မှားယွင်းမှုများရှိနေကြောင်း သက်ဆိုင်ရာမိုဘိုင်းဆိုင်တွင် မှတ်ပုံ
တင်ပြီးသော်လည်း အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ရသူ ရန်ကုန်မြို့နေ ဦးအောင်စိုးဝင်းက
ပြောသည်။

''ဆင်းကတ်မှတ်ပုံတင်ဖို့အတွက် သတ်မှတ်ပေးထားတဲ့ မှတ်ပုံတင်ပြုလုပ်နိုင်သည်ဆိုတဲ့ဆိုင်မှာ
မှတ်ပုံသွားတင်တယ်။ သူတို့ဘက်ကလည်း ချလန်လေးပြန်ပေးတယ်။ အဲဒီတော့ မှတ်ပုံတင်ပြီးပြီ
ဆိုပြီး အေးဆေးနေတာပေါ့။ ဒါပေမဲ့ ဆိုင်မှာမှတ်ပုံသွားတင်ပြီးတာတောင်မှ မှတ်ပုံမတင်ရသေဘူး
ဆိုပြီး ဖုန်းထဲကို မက်ဆေ့ချ်ဝင်လာတယ်။ အဲဒါနဲ့ ဆိုင်ကိုလည်း ပြန်မသွားချင်တော့လို့ အွန်လိုင်းက
မှတ်ပုံတင်တတ်တဲ့သူကို မှတ်ပုံတင်ခိုင်းမှပဲ 'လူကြီးမင်းမှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်'ဆိုပြီး
noti ဝင်လာတယ်။ ကျွန်တော့်လိုမျိုးတွေ အများကြီးရှိမှာပါ။ အဲဒီတော့ မတ်လမကုန်ခင် ကိုယ့်ဆင်း
ကတ်တွေ မှတ်ပုံတင်ပြီး၊ မပြီး သေသေချာချာစစ်ဆေးပါလို့ အကြံပြုချင်ပါတယ်''ဟု ၄င်းက ပြော
သည်။

အမ်ပီတီမိုဘိုင်းဆင်းကတ်အသုံးပြုသူတချို့သည် ယခင်က စာချုပ်စာတမ်းများဖြင့် ဆင်းကတ်များကို
ဝယ်ယူထားကြပြီး ယခုအခါ ဆင်းကတ်မှတ်ပုံတင်ချိန်တွင် အသုံးပြုနေသော သူ၏နာမည်ဖြင့်
မှတ်ပုံတင်ထားခြင်းမရှိဘဲ စာချုပ်တွင်ပါဝင်သူ၏ အမည်ဖြင့်သာ အလိုအလျောက် မှတ်ပုံတင်ပြီးနေ
သည်ကိုတွေ့ရကြောင်း အမ်ပီတီအသုံးပြုသူ ဒေါ်အေးအေးက ပြောသည်။

''အရင်က အမ်ပီတီဆင်းကတ်ကို စာချုပ်စာတမ်းနဲ့ ဝယ်ခဲ့တာပါ။ အဲဒီတုန်းကစာချုပ်မှာ ကိုယ့်နာမည်
တော့မဟုတ်ဘူး။ အခု အားလုံးက မှတ်ပုံတင်နေကြတော့ ကိုယ်လည်း စစ်ကြည့်လိုက်တော့
မှတ်ပုံတင်ပြီးပြီးဆိုပြီး ပြတယ်။ ကိုယ်က ဘယ်မှာမှ မှတ်ပုံမတင်ရသေးတော့ သေချာအောင်
အွန်လိုင်းမှတ်ပုံတင်ရမယ့် Link ကနေဝင်ကြည့်တော့ စာချုပ်မှာပါတဲ့သူရဲ့ နာမည်နဲ့ မှတ်ပုံတင်ပြီး
ဖြစ်နေတယ်''ဟု ၄င်းက ပြောသည်။

စာချုပ်တွင်ပါဝင်သောသူ၏အမည်ဖြင့် မှတ်ပုံတင်ပြီးပါက သတ်မှတ်ထားသည့် မတ်လအကုန်တွင်
ဆင်းကတ်ကို လိုင်းပိတ်သိမ်းခြင်းမပြုလုပ်ပေ။ သို့သော် သုံးစွဲသူများသည် အဆိုပါဆင်းကတ်ကို
စာချုပ်တွင် ပါဝင်သူနာမည်ဖြင့် အသုံးမပြုလိုဘဲ မိမိနာမည်ဖြစ်သာ သုံးမည်ဆိုပါက အွန်လိုင်းတွင် မိမိ၏ ဒေတာအချက်အလက်များကို ပြန်လည်ပြင်ဆင်နိုင်သကဲ့သို့ အမ်ပီတီဆိုင်များတွင်လည်း
သွားရောက်ပြင်ဆင်နိုင်သည်။

''အရင်က စာချုပ်နဲ့ဝယ်ထားတဲ့သူတွေက ဆင်းကတ်မှတ်ပုံတင် ပြုလုပ်လိုက်တဲ့အခါမှာ စာချုပ်မှာ
ပါတဲ့သူရဲ့နာမည်နဲ့ မှတ်ပုံတင်ထားတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် *601# နှိပ်ပြီးစစ်လိုက်လို့
မှတ်ပုံတင်ပြီးပြီလို့ ပြနေတယ်ဆိုရင်တော့ ဒီဆင်းကတ်ကို မတ်လအကုန်မှာ လိုင်းပိတ်တော့မှာ
မဟုတ်ဘူး။ ဒါပေမဲ့ သုံးစွဲသူရဲ့ ရွေးချယ်မှုအပေါ် မူတည်ပြီး ဆင်းကတ်ကို စာချုပ်ထဲက သူရဲ့ နာမည်
နဲ့အသုံးမပြုချင်တော့ဘဲ ကိုယ့်နာမည်နဲ့အသုံးပြုချင်တယ်ဆိုရင် အွန်လိုင်းမှာ ပြန်ပြီး ကိုယ်ရဲ့ ဒေတာ
အချက်အလက်တွေပြင်လို့ရသလို ဆိုင်တွေမှာလည်းသွားပြီး ပြင်နိုင်ပါတယ်''ဟု အမ်ပီတီတာဝန်ရှိ
သူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်