အရှေ့တောင်အာရှ အခြေစိုက်နည်းပညာဝန်ဆောင်မှုလုပ်ငန်း iSentric မှမြန်မာမိုဘိုင်းဂိမ်း
ကုမ္ပဏီတစ်ခုဖြစ်သည့် MyPlay ကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၇ သန်း တန်ကြေးဖြင့်
လက်လွှဲယူရန် ကမ်းလှမ်းခဲ့ကြောင်း မတ် ၂၃ ရက်က တရားဝင်ထုတ်ပြန်ခဲ့သည်။
အခြေခံအားဖြင့် ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုချုပ်ဆိုပြီး
သည်နှင့် MyPlay မှာ iSentric ၏စီမံခန့်ခွဲမှုအောက်တွင် မြန်မာပြည်တွင်းနှင့် အရှေ့တောင်အာရှ
စျေးကွက်ကိုရည်ရွယ်သည့် မိုဘိုင်းဂိမ်းများ အရှိန်မြင့်ထုတ်လုပ်မည်ဟု ကြေညာချက်တွင် ပါဝင်
ခဲ့သည်။
မြန်မာ့နည်းပညာ စွန့်ဦးတီထွင်သူများနယ်ပယ်တွင် အရေးပါသောဖြစ်ရပ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ
အခြေစိုက်ဂိမ်းကုမ္ပဏီတစ်ခုက ပထမဆုံးနိုင်ငံခြားမှ ဒေါ်လာသန်းချီရင်းနှီးမြုပ်နှံမှုတစ်ခုလည်းဖြစ် သည်။ မြန်မာငွေသိန်းခြောက်သောင်းခန့်ရှိပေးချေမှုကို ငွေသားနှင့် iSentric ၏ ရှယ်ယာတို့ဖြင့်
ပေးချေမည်ဟုဆိုသည်။
''ဒါက မြန်မာနိုင်ငံမှ နည်းပညာစွန့်ဦး တီထွင်လုပ်ငန်းရှင်တွေအတွက် ခွန်အားဖြစ်စေမယ်လို့ထင်
ပါတယ်။ ဒီအဖြစ်က ဒေါ်လာသန်းနဲ့ချီပြီး ရင်းနှီးမြုပ်နှံမှု၊ လက်လွှဲဝယ်ယူမှုတွေဟာ မြန်မာနိုင်ငံ
အတွက်လည်းဖြစ်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာပါပဲ'' ဟု MyPlay စီအီးအို ဦးမြင့်ကျော်
သူမှ မြန်မာတိုင်း(မ်)သို့ ဖြေကြားခဲ့သည်။
အသက် ၃၃ နှစ်သာရှိသေးသည့် ဦးမြင့်ကျော်သူမှာ ဝါသနာပါသည့် ဂိမ်းထုတ်လုပ်မှုကို တစိုက်
မတ်မတ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး MyPlay စတူဒီယိုထုတ်ကုန်များမှာ မြန်မာနိုင်ငံတွင်မိုဘိုင်းသုံးစွဲမှုမြင့်
တက်လာပြီးသည့်နောက် ပြည်တွင်းမိုဘိုင်းဂိမ်းလောက၏ ရှားရှားပါးပါးပြသစရာ ထုတ်ကုန်များ
ဖြစ်သည်။
မြန်မာနိုင်ငံယဉ်ကျေးမှုကိုအခြေခံထားသည့် ခြင်းလုံး၊ မြန်မာစစ်တုရင်၊ ငပိန်နှင့်သင်္ကြန်၊ သမိန်
ပေါသွပ်၊ အိုးပုတ်ပုံပြင်၊ ရှမ်းကိုးမီးကမ္ဘာ အစရှိမိုဘိုင်းဂိမ်းများကိုထုတ်လုပ်ခဲ့သည့် MyPlay စတူ
ဒီယိုမှာ ၄င်းတိုဂိမ်းပလက်ဖောင်းတွင် မှတ်ပုံတင်ထားသည့် ကစားသူဦးရေ တစ်သန်းကျော်သွားခဲ့
ပြီဖြစ်ကာ ယခုနှစ်အတွင်း Rage of Rama နှင့်လမ်းမတော် ဖိုးတုတ်ဂိမ်းများကို ထပ်မံထုတ်လုပ်
မည်ဖြစ်သည်။
လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်တိုကျိုဂိမ်းပြပွဲတွင်လည်း အရှေ့တောင်အာရှဂိမ်းဇာတ်ကောင်များအတွက်
ပေးအပ်သည့်အထူးဆုကို ဆိုက်ကားဆရာငပိန်ဇာတ်ကောင်ဖြင့် MyPlay မှဆုရရှိခဲ့သေးသည်။

















