ဂိမ်းကုမ္ပဏီတစ်ခုကို ထိန်းချုပ်ရမယ့် Game Dev Story

ဂိမ်းကုမ္ပဏီတစ်ခုကို ထိန်းချုပ်ရမယ့် Game Dev Story

 

အမျိုးအစား      Simulation
ထုတ်လုပ်သူ     Kairosoft
ပလက်ဖောင်း    Android, iOS

ဂျပန်အခြေစိုက် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Kairosoft ဟာ သူ့ရဲ့ခေတ်ဟောင်းလက်ရာ အသုံးပြု
ထားတဲ့ Simulation ဂိမ်းတွေကြောင့် လူသိများပေမဲ့ ဂိမ်းအများစုဟာ အခမဲ့မဟုတ်တဲ့အတွက်
အက်ပလီကေးရှင်းတွေကို အလွယ်တကူပေးချေဝယ်ယူလို့မရတဲ့ မြန်မာနိုင်ငံမှာတော့ ခေတ်မစား
လှပါဘူး။

ယခုအခါမှာဂူးဂဲလ်ပလေးစတိုးကနေ ပေးချေဝယ်ယူမှုတွေ ပိုမိုများပြားလာတဲ့အပြင် လတ်တလော
လျှော့စျေးချပေးထားတဲ့ Game Dev Story ဂိမ်းကို ညွှန်းဆိုချင်ပါတယ်။ ဒီဂိမ်းဟာ ကစားသူက
ဂိမ်းစတူဒီယိုငယ်လေးတစ်ခုကို စီမံခန့်ခွဲရင်း နှစ်ပေါင်း ၂ဝ အတွင်း အင်အားကြီးဂိမ်းကုမ္ပဏီ ဖြစ်
လာအောင် ပြုလုပ်ပေးရတဲ့ဂိမ်းပါ။

စမတ်ဖုန်းတွေ ခေတ်စားလာမှ မိုဘိုင်းဂိမ်းတွေနဲ့ စတိတွေ့ဖူးသူတွေထက် စွဲစွဲမြဲမြဲ ဂိမ်းကစားသူ
(hardcore gamer) များအတွက် ပိုသင့်တော်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကစားသူက လက်ရှိဂိမ်း
စက်တွေ မထွက်ပေါ်လာသေးတဲ့ အချိန်ကာလကနေ စတင်ရမှာဖြစ်ပြီး ရွေးချယ်စရာ ပီစီကွန်ပျူ
တာနဲ့ ခေတ်ဦး console စက်တစ်မျိုးပဲရှိတဲ့အချိန်ကနေ နည်းပညာကုမ္ပဏီကြီးပေါင်းများစွာက ဂိမ်းစျေးကွက်ထဲဝင်ရောက်လာတဲ့အထိ ဆော့ကစားရမှာ ဖြစ်ပါတယ်။ ခန့်မှန်းဆိုရရင် ၁၉၉ဝ
ကနေ ၂ဝ၁ဝ ပြည့်နှစ်အတွင်း နှစ် ၂ဝ ကာလကို အခြေပြုထားတဲ့ဂိမ်းလို့ဆိုနိုင်ပါတယ်။

Kairosoft ရဲ့ထူးခြားချက်က သူတို့ရဲ့ဂိမ်းတွေမှာ ခေတ်ဟောင်းarcade ပုံစံဂရပ်ဖစ်ရုပ်ထွက်ကို
အမြဲတမ်းအသုံးပြုထားတာပါ။ သူတို့ကုမ္ပဏီဟာ မိုဘိုင်းဂိမ်းစျေးကွက်ကို အစောဆုံးခြေချခဲ့တဲ့သူ
တွေထဲမှာ အပါအဝင်ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှစတင်ကာ အခုချိန်ထိ Simulation ဂိမ်း ၄ဝ နီးပါးကို
ထုတ်လုပ်ခဲ့ပြီးပါပြီ။ ဒါဟာ ကြောက်စရာအရှိန်အဟုန်ပါပဲ။

ယခု Game Dev Story မှာလည်း သူတို့ရဲ့အမှတ်အသားဖြစ်တဲ့ Pixel ရုပ်ထွက်ကိုပဲအသုံးပြုထား
ပြီး Simulation ကစားပုံပါပဲ။ ဒီဂိမ်းရဲ့အားသာချက်က အင်တာနက်ကော်နက်ရှင်လုံးဝမလိုဘဲ
ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက်ဆော့လို့ရပြီး ကြိုက်တဲ့အချိန် မဆော့ဘဲနားလို့ရတာပါ။ အခု
နောက်ပိုင်း မိုဘိုင်းဂိမ်း Simulation တွေမှာ ကစားသူတွေက လိုအပ်တဲ့ resources တွေကို
အချိန်မှန်မှန်ရယူရလို့ ကြာလာရင် ဂိမ်းက လူကို ပြန်ဆော့နေသလိုဖြစ်လာပါတယ်။ ဒီ feature
ကိုမကြိုက်လည်း ပုံမှန်ယှဉ်ပြိုင်နိုင်ဖို့ကစားနေရတော့ ဂိမ်းစွဲလမ်းသူတွေအတွက် ပျော်စရာ
မကောင်းတဲ့အချိန်ဖြုန်းတီးမှုလိုဖြစ်လာမှာပါ။ Game Dev Story ဆော့ရင်တော့ အလားတူဆိုးကျိုး
ကိုရှောင်ရှားနိုင်မှာဖြစ်တယ်။

ကစားသူက ဂိမ်းစတူဒီယိုရဲ့ အကြီးအကဲဖြစ်ပြီး ဘယ်စက်ပေါ်မှာ ဘယ်အမျိုးအစားဂိမ်းကိုထုတ်
မယ်ဆိုတာကို ဆုံးဖြတ်ရပါတယ်။ လွယ်လွယ်ဆုံးဖြတ်ရတာမဟုတ်ဘဲဂိမ်းမဆော့ဖူးတဲ့သူဆိုရင်
တွဲဖက်ဖို့မလွယ်ပါဘူး။ အမျိုးအစားမှာ Action, Shooter, RPG, Simulation စသဖြင့် Genre
ခွဲခြားမှုနဲ့ သူ့အပေါ်လိုက်ပြီး တွဲဖက်ပေးရတဲ့ Monster, Robot စတဲ့ Type ဆိုပြီးနှစ်မျိုးရှိပါတယ်။
ဒီနှစ်မျိုးကို လိုက်ဖက်အောင်တွဲဖက်နိုင်မှ ကိုယ့်ရဲ့ဂိမ်းကိုရောင်းတဲ့အခါ ပိုဆွဲဆောင်နိုင်မှာပါ။

ဒီဂိမ်းမှာ resources နှစ်မျိုးပဲပါဝင်ပြီး ငွေကြေးနဲ့ Floppy Disk တို့ပါ။ ငွေကဂိမ်းတွေထုတ်လုပ်ဖို့
ဘတ်ဂျက်ဖြစ်ပြီး အနုတ်ပြရင် ရှုံးနိမ့်သွားမှာဖြစ်ပါတယ်။ Disk တွေကတော့ ကိုယ့်ရဲ့ဝန်ထမ်းတွေ
ကို upgrade မြှင့်ပေးဖို့ပါ။ ကိုယ့်မှာရှိတဲ့ဘတ်ဂျက်ကိုလိုက်ပြီး အောင်မြင်တဲ့ဂိမ်းထုတ်လုပ်နိုင်ဖို့က
အရေးကြီးတဲ့ စီမံခန့်ခွဲမှုဖြစ်ပါတယ်။

ဝန်ထမ်းတွေကိုခန့်တဲ့နေရာမှာ သူတို့ရဲ့စွမ်းရည်လေးမျိုးကိုကြည့်ပြီး ဂိမ်းဇာတ်လမ်းရေးသူ၊ ဒီဇိုင်နာ၊
ပရိုဂရမ်မာ စသဖြင့် ခေါ်ယူရမှာဖြစ်ပါတယ်။ သူတို့ရဲ့စွမ်းရည် attribute တွေမြင့်မားလေ၊ ထုတ်
လုပ်မယ့်ဂိမ်းက အောင်မြင်ဖို့ပိုများလေပါပဲ။ ဒါပေမဲ့ သူတို့ကို လစာပေးရတဲ့အတွက် ဘတ်ဂျက်
မလောက်ဘဲ ခေါ်ယူလို့မရပါဘူး။ ဒါ့ကြောင့် ဂိမ်းရဲ့အစောပိုင်းမှာ ရှင်သန်နိုင်ဖို့က ကိုယ်တိုင်ရဲ့
အရည်အချင်းပေါ်ပဲမူတည်ပါတယ်။

ဝန်ထမ်းတွေကို Upgrade လုပ်ရင် Genre အသစ်တွေရရှိပြီး လေ့ကျင့်ပေးရင်တော့ Type အသစ်
တွေရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကိုလေ့ကျင့်ပေးရင် ဂိမ်းအမျိုးအစားအသစ်တွေ ပိုပြီးရွေး
ချယ်ထုတ်လုပ်နိုင်မှာပါ။ ကစားရမယ့်ဂိမ်းထဲက နှစ် ၂ဝ ကာလအတွင်းမှာ အပြင်ဂိမ်းစျေးကွက်ထဲ
ကအတိုင်း console ဂိမ်းစက်အသစ်တွေ သူ့အချိန်နဲ့သူ ထွက်ရှိလာမှာဖြစ်ပြီး ဂိမ်းစက်အသစ်
အတွက်ထုတ်လုပ်ချင်ရင် လိုင်စင်ကို စျေးကြီးပေးဝယ်ယူရမှာဖြစ်ပါတယ်။ ဒါက ဗီဒီယိုဂိမ်းပရိသတ်
တွေအတွက် ဒီဂိမ်းကိုကစားရတာ ပိုပြီးလွယ်ကူစေမယ့်အချက် တစ်ခုပါ။

Game Dev Story ကို Kairosoft မှ ဂျပန်ဘာသာနဲ့ မိုက်ကရိုဆော့ဖ်ဝင်းဒိုးအတွက် အရင်ထုတ်
လုပ်ခဲ့တာပါ။ နောက်မှ စမတ်ဖုန်းတွေအတွက် ပြန်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီဂိမ်းဟာ
ဆော့ကစားဖို့ အင်တာနက်ကော်နက်ရှင်မလိုအပ်သလို အရွယ်အစားကလည်း သေးငယ်ပါတယ်။
ကစားသူတွေအတွက် ဆော့ချင်တဲ့အချိန်မှာ ကြိုက်သလောက်အချိန်ဖြုန်းနိုင်ပြီး မဆော့ချင်ရင်ပစ်
ထားလို့ရတဲ့ပုံစံမျိုးပါ။ ဒါပေမဲ့ ဗီဒီယိုဂိမ်းဝါသနာအိုးတွေအတွက်တော့ နာရီပေါင်းများစွာ စွဲစွဲ
လန်းလန်းဆာ့ကစားမိစေမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

ဝယ်ယူမယ်ဆိုရင် ပုံမှန်ခြောက်ဒေါ်လာကျသင့်ပေမဲ့အခုချိန်မှာ စျေးလျှော့ထားလို့ ပလေးစတိုးပေါ်မှာ
တစ်ဒေါ်လာသာ ရှိပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်