အွန်လိုင်းတွင် ရောင်းချနေသည့်ဆေးဝါးများ သတိထားရန်လို

အွန်လိုင်းတွင် ရောင်းချနေသည့်ဆေးဝါးများ သတိထားရန်လို

အွန်လိုင်းစာမျက်နှာ အထူးသဖြင့်ဖေ့စ်ဘွတ်ခ်တွင် ရောင်းချလျက်ရှိသောဆေးဝါးများ သတိထား
ဝယ်ယူသင့်ကြောင်း နည်းပညာရှင်များနှင့် တာဝန်ရှိသူများက ပြောသည်။

အွန်လိုင်းမှတစ်ဆင့်ရောင်းချလျက်ရှိသည့် ဆေးဝါးများကို ဝယ်ယူသုံးစွဲမည်ဆိုပါက တရားဝင်
ဆေးဝါဟုတ်၊ မဟုတ်ကို စုံစမ်းပြီးမှသာဝယ်ယူသင့်ကြောင်း ပြည်တွင်းနည်းပညာကုမ္ပဏီဖြစ်
သည့် Yangon Heartz Media အမှုဆောင်အရာရှိချုပ်၊ ဦးဇော်ဇော်မျိုးလွင်က ပြောသည်။

''အွန်လိုင်းပေါ်ကရောင်းတဲ့ဆေးတွေက အရမ်းလည်းစျေးကြီးတယ်။ နောက်ပြီး ဒီဆေးဝါးတွေက
တရားဝင်ဆေးဝါးတွေ ဟုတ်၊ မဟုတ်ကိုလည်း လေ့လာသင့်တယ်။ အွန်လိုင်းမှာရောင်းတဲ့ဆေးဝါး
တွေက ဘယ်သူရောင်းတယ်ဆိုတာ မသိနိုင်ဘူး။ သေချာတာတော့ ဆေးဝါးတစ်ခုကို သုံးစွဲဖို့ဆိုရင်တော့ တတ် ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့သုံးစွဲသင့်ပါတယ်''ဟု ၄င်းက ပြောသည်။

ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အင်တာနက်သုံးစွဲသူများကိုလှည့်ဖျားကာ လူသုံးကုန်ပစ္စည်းများနှင့်ဆေးဝါး
များကို အလွယ်တကူရောင်းချနိုင်သည်ဟု အွန်လိုင်းစျေးဝယ်ဝက်ဘ်ဆိုက် Zaw Gyi Mart ကို
ဖန်တီးသူ နည်းပညာအကြံပေး ဦးစိုးသီဟနောင်က ပြောသည်။

''အွန်လိုင်းမှာ ဆေးတွေရောင်းဝယ်တာနဲ့ ပြင်ပမှာဆေးတွေ ရောင်းဝယ်တာကွာခြားချက်ကတော့
အွန်လိုင်းပေါ်ကရောင်းတာ ပျံ့နှ့ံတာမြန်တယ်၊ ပိုပြီးထိရောက်တယ်။ နောက်ပြီး အွန်လိုင်းကရောင်း
တာက လှည့်စားပြီးရောင်းလို့ရတယ်။ ဥပမာ ပိန်ဆေးဆိုပါတော့ တကယ်ပိန်၊ မပိန်တော့မသိဘူး။
ဒါပေမဲ့ ဓာတ်ပုံတွေနဲ့လူတွေကိုဖျားယောင်းမယ်။ အဲဒီအချိန်မှာ ဒီဆေးက အွန်လိုင်းမှာ အရမ်းပျံ့
သွားပြီဆို လူတွေက အဲဒီဆေးအရည်အသွေးက ကောင်းတယ်လို့ ထင်ကြတယ်။ ဘယ်ဆေးမဆို
၁ဝဝ ရာခိုင်နှုန်း ယုံကြည်ထားလို့တော့ မရဘူး''ဟု ၄င်းက ပြောသည်။

အွန်လိုင်းတွင် ရောင်းချလျက်ရှိသော ဆေးဝါးများထိန်းချုပ်ရေးအတွက် အစိုးရက ဆေးဝါးများ၏
ဆိုးကျိုးနှင့်ပတ်သက်၍ တိုင်ကြားနိုင်မည့် ဖုန်းလိုင်းများထားရှိရန် လိုအပ်သည်ဟု ဦးဇော်ဇော်မျိုး
လွင်က ပြောသည်။

''အစိုးရကတော့ မူးယစ်ဆေးဝါးနဲ့အိမ်သုံးဆေးဝါးပတ်သက်တဲ့ ဥပဒေတွေကို ထုတ်ထားတာရှိ
တယ်။ ဒါတွေနဲ့ ဆေးဝါးတွေကို ထိန်းချုပ်လို့တော့ရတယ်။ ရောင်းတဲ့သူကိုတော့ မရောင်းနဲ့ဆိုပြီး
တော့သွားပြောလို့မရဘူး။ အွန်းလိုင်းကဆိုတော့ ဘယ်သူရောင်းချတယ်ဆိုတာ မသိနိုင်ဘူး။
ဝယ်သူသုံးတဲ့သူတွေက ဆေးနဲ့ပတ်သက်ပြီး ဆိုးကျိုးရှိတယ်ဆိုရင် တိုင်ကြားလို့ရမယ့် ဖုန်းလိုင်း
တွေထားပေးရမယ်''ဟု ၄င်းက ပြောသည်။

အွန်လိုင်းတွင်ရောင်းချလျက်ရှိသော ဆေးဝါးများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနကသာ
ထိန်းချုပ်ဆောင်ရွက်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ အစား
အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကပြောသည်။

''ပြည်ထဲရေးက ထိန်းချုပ်တယ်။ အွန်လိုင်းနဲ့ပတ်သက်လို့ နည်းပညာရော ဥပဒေရော ပြည်ထဲရေး
မှာရှိတယ်။ သူက အဓိကဌာနပဲ။ အခု အသေအချာထိန်းချုပ်ဖို့ ပြည်ထဲရေးက ကျွန်တော်တို့ဆီကို
သတင်းအချက်အလက်တွေတောင်းနေတယ်။ သူတို့ထိန်းချုပ်လိမ့်မယ်''ဟု ၄င်းက ပြောသည်။

လက်ရှိတွင် အွန်လိုင်းတွင် ဆေးဝါးများရောင်းချခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးဥပဒေအရသာ
အရေးယူဆောင်ရွက်ပေးနေကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

''တရားမဝင်ဆေးဝါးတွေ၊ မှတ်ပုံတင်မထားတဲ့ဆေးဝါးတွေ၊ နောက်ပြီး စံချိန်မမီဆေးဝါးတွေကို
မြေပြင်မှာရောင်းမယ်ဆိုရင် အမျိုးသားဆေးဝါးဥပဒေနဲ့ အရေးယူလို့ရပါတယ်။ အွန်လိုင်းကဆိုရင်
တော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ)ပေါ့ အွန်လိုင်းလိမ်လည်မှုပေါ့။ ဥပမာအွန်လိုင်းကနေ
ငွေလိမ်မယ်၊ ပစ္စည်းတွေလိမ်ရောင်းမယ်စတဲ့ အွန်လိုင်းကလိမ်လည်မှုတွေဆိုရင် ပုဒ်မ ၆၆(ဂ)နဲ့
အရေးယူလို့ရပါတယ်''ဟု ၄င်းက ပြောသည်။

အသားအရည်လှဆေး၊ သို့မဟုတ် အသားဖြူဆေး၊ အဆီချဆေးများ၊Weigh gain ဆေးအစရှိ
သောဆေးများကို ဖေ့စ်ဘွတ်ခ်တွင် ရောင်းချမှုများပြားလာကြောင်း ရန်ကုန်မြို့ နေ ဒေါ်အေးသီတာ
က ပြောသည်။

''ဆေးတွေကတော့ အလှအပအတွက် ထုတ်ထားတဲ့ဆေးတွေတော်တော်များများကို ဖေ့စ်ဘွတ်ခ်
မှာ ရောင်းလာတာတွေ့ရတယ်။ ဥပမာ အသားဖြူဆေးတွေ၊ အဆီချဆေးတွေ၊ ဝိတ်ကစားရင်
သောက်ရတဲ့ဆေးတွေ ရောင်းလာကြတယ်။ ဒီဆေးတွေက ဘယ်က ဘယ်လို ဝင်လာတဲ့ဆေးလဲ
ဆိုတာတော့မသိဘူး။ ကိုယ်က အသားဖြူချင်တာတော့မှန်တယ်၊ စလင်းဖြစ်ချင်တာတော့မှန်တယ်။
ဒါပေမဲ့ ဒီလိုဆေးတွေတော့ မသောက်ရဲဘူး''ဟု ၄င်းက ပြောသည်။

ပြည်တွင်းစျေးကွက်သို့ တရားမဝင်ဆေးဝါးများ ဝင်ရောက်ခြင်းမရှိစေရန် ထိန်းချုပ်သင့်ပြီး၊ အွန်
လိုင်းတွင် ဆေးဝါးများရောင်းချခြင်းကို ရောင်းချခွင့်လိုင်စင် ရရှိထားသောသူများကိုသာ ခွင့်ပြုပေး
သင့်ကြောင်း အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် eZay ၏စျေးကွက်မန်နေဂျာ
ဦးစိုင်းခမ်းထွန်းအုံက ပြောသည်။

''ကျွန်တော့်အတွေ့အကြံုအရဆိုရင် ဖေ့စ်ဘွတ်ခ်မှာ အရောင်းအဝယ်လုပ်နေတာတွေက တချို့
အမှန်တကယ် အလုပ်လုပ်နေတဲ့သူတွေရှိသလို၊ အကြံအဖန်လုပ်နေတဲ့သူတွေ ရှိတယ်။ တချို့ဆိုရင်
အရောင်းအဝယ်လုပ်တဲ့ စာမျက်နှာမှာ ဖုန်းနံပါတ်တွေ၊ လိပ်စာတွေ တင်ပေးထားတယ်။ တချို့ဆို
အဲဒါတွေ မတင်ထားဘူး။ လူတိုင်းက ဖေ့စ်ဘွတ်ခ်ကနေ အခမဲ့ရောင်းလို့ရနေတော့ ဘယ်သူမဆို
တက်ရောင်းနေကြတာပဲ။ ဆေးဝါးတွေကိုရောင်းတာနဲ့ ပတ်သက်ရင်တော့ ရောင်းတဲ့သူကဆေးဝါး
ရောင်းချခွင့်လိုင်စင်ရှိဖို့ လိုသလို၊ ဝယ်သူကို ဆေးနဲ့ပတ်သက်တဲ့သေချာရှင်းပြနိုင်တဲ့ ဗဟုသုတ
တော့ရှိရမယ်'' ဟု ၄င်းက ပြောသည်။

အွန်လိုင်းအရောင်းအဝယ်များကို သေချာစွာထိန်းချုပ်ရန်လိုအပ်ပြီး၊ အစိုးအနေဖြင့် လိုအပ်သော
သတင်းအချက်အလက်များကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီထံမှ တရားဝင်တောင်းခံနိုင်ရာ အရေးပေါ်
တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ထားရှိသင့်သည်ဟု ဦးစိုးသီဟနောင်က ပြောသည်။

''ဒါတွေကိုသေသေချာ ထိန်းချုပ်မှုမရှိဘူးဆိုရင် နိုင်ငံတကာက အလိမ်အညာတွေရောက်လာမယ်။
အရင်အစိုးရလက်ထက်ကတော့ Computer Emergency Respond Team (CERT) အဖွဲ့ရှိတယ်။
အခုအစိုးရအသစ်လက်ထက်မှာတော့ ဒီအဖွဲ့အစည်းမရှိတော့ဘူး။ အဲဒီအဖွဲ့အစည်းကိုဖွဲ့ပြီး အွန်
လိုင်းနဲ့ပတ်သက်တာတွေကို လေ့လာစုံစမ်းဖို့ လုပ်ဆောင်သင့်တယ်'' ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်