မိုဘိုင်းဂိမ်း ဆော့ကစားတော့မယ်ဆိုရင်

မိုဘိုင်းဂိမ်း ဆော့ကစားတော့မယ်ဆိုရင်

ဆက်သွယ်ရေးကိရိယာအဖြစ်မှ လက်တစ်ဖဝါးစာကွန်ပျူတာတစ်လုံးအဆင့်ရောက်လာ
သည့် စမတ်ဖုန်းများ ပေါ်ပေါက်လာချိန်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာအော်ပရေတာများ
ကိုဝင်ရောက်လုပ်ကိုင်ခွင့်ပြုလိုက်သည့်အခါတို့ တိုက်ဆိုင်ခဲ့သည့်အတွက် ၂ဝ၁၄ နှစ်ကုန်
ပိုင်းမှစတင်ကာ စမတ်ဖုန်းတို့ကို အခြေခံလူသုံးကုန်ပစ္စည်းစာရင်းထဲသို့ တိုးချဲ့ထည့်သွင်း
လာရသည်။

စမတ်ဖုန်းသုံးစွဲသူများအတွက် ဆိုရှယ်မီဒီယာကို အဓိကထားသုံးစွဲမှုမြင့်တက်လာသလို
နောက်ထပ် သိသိသာသာမြင်တွေ့လာရသည့် စျေးကွက်ကတော့ မိုဘိုင်းဂိမ်းစျေးကွက်
ဖြစ်ပါသည်။ ၂ဝ၁၆ ခုနှစ်အတွင်းတွင် ပြည်တွင်းဂိမ်းကုမ္ပဏီတစ်ခုဖြစ်သော My-Play ၏
သုံးစွဲသူ user base မှာ ကိုးသိန်းကျော်ထိရောက်ရှိခဲ့ပြီး အပတ်စဉ် တက်ကြွစွာကစားသူ
နှစ်သောင်းကျော်ရှိသည်ဟု ၄င်းတို့ကုမ္ပဏီစစ်တမ်းတွင် ထုတ်ပြန်ခဲ့၏။

ထိုပမာဏမှာ ပြည်တွင်းဂိမ်းကုမ္ပဏီတစ်ခုတည်းတွင် ဆော့ကစားနေသော user
အကောင့်ပမာဏသာဖြစ်ပြီး နိုင်ငံခြားကထုတ်လုပ်သော COC, Pokemon GO, Candy
Crush အစရှိဂိမ်းများကို ဆော့ကစားနေသူဦးရေကလည်း အွန်လိုင်းစာမျက်နှာများ၊ ဝါသနာ
တူတို့ဆုံစည်းသည့် ဂရု(ပ်)အဖွဲ့များ၌ သောင်းဂဏာန်းပမာဏ ရှိနေသည်။

ယခုကဲ့သို့ နာမည်ကျော်လူကြိုက်များ မိုဘိုင်းဂိမ်းတို့အနက် အများစုမှာ ဂူးဂဲလ်ပလေးစတိုး၌
အလွယ်တကူ အခမဲ့ရယူနိုင်သည့် င်္Free to Play (F2P) ဂိမ်းများဖြစ်ကြသည်။ သို့ဆိုပါက
အဆိုပါမိုဘိုင်းဂိမ်းများကို ထုတ်လုပ်သူများမှာ ထုတ်လုပ်ရသည့်စရိတ်၊ အမြတ်ဝင်ငွေတို့ကို
ဘယ်ကပြန်ရပါသလဲ။

၂ဝ၁၆ ဂလိုဘယ်စစ်တမ်းအရ ထိုကဲ့သို့မိုဘိုင်းအက်ပလီကေးရှင်းများ (ဂိမ်းများအပါအဝင်)
တို့အတွက် ဝင်ငွေပြန်ရနိုင်သည့် နည်းလမ်းခုနစ်မျိုးရှိပါသည်။ အသုံးအများဆုံးနံပါတ်တစ်မှာ
သူတို့၏အက်ပလီကေးရှင်းများ၊ ဂိမ်းများအတွင်းတွင် ထင်ရှားသည့်ကြော်ငြာများထည့်သွင်း
ပေးခြင်းဖြစ်သည်။ သုံးစွဲသူများလေလေ၊ ကြော်ငြာကိုမြင်တွေ့ရသူများလေဖြစ်ပြီး အချို့
အက်ပလီကေးရှင်းများ၌ င်္Free Ads ကြော်ငြာကင်းဝေးအသုံးပြုရေးကို ပိုက်ဆံပေးကာ
ရွေးချယ်ယူရသည်။

ထိုကဲ့သို့ အက်ပလီကေးရှင်း (App) အတွင်း ကြော်ငြာထည့်သွင်းကာ ပိုက်ဆံပြန်လည်
ရယူမှုမှာ ၂ဝ၁၆ ၌ active ဖြစ်ခဲ့သည့် အက်ပလီကေးရှင်းစုစုပေါင်း၏ ၆၃ ရာခိုင်နှုန်းထိ
ရှိခဲ့သည်ဟု အဆိုပါစစ်တမ်းကဆိုသည်။ အများအားဖြင့် အဆိုပါကြော်ငြာတို့မှာ banner 
တစ်ခုစာမျှသာ User Interface (UI)၏အောက်ခြေ သို့မဟုတ် အပေါ်မျက်နှာစာတွင်
ထည့်သွင်းဖော်ပြလေ့ရှိသောကြောင့် သုံးစွဲသူအတွက်လည်း မနစ်နာလှပါ။ သို့သော်လည်း
TapJoy ကဲ့သို့ ပလက်ဖောင်းများကတော့ သူတို့စာရင်းဝင်ဂိမ်းတစ်ခုကို ထည့်သွင်းဆော့
ကစားမိပါက အထူးအခွင့်အရေးများ (ဂိမ်းထဲတွင်သုံးသည့် ငွေကြေးစသည်) တို့ကိုလိုချင်
လျှင် နောက်ထပ်ဂိမ်းတစ်ခုကို ထပ်မံ install လုပ်ကာ ဆော့ကစားစေသည်။ ထိုသို့သော
ကြော်ငြာခြင်းတို့ကတော့ ရှားပါးသော်လည်း မြင်တွေ့လာရသည့် အနှောင့်အယှက်ဖြစ်လာ
နိုင်သောနည်းလမ်းတစ်မျိုးဖြစ်သည်။

ကျန်သောငွေဝင်နည်းများမှာ in-app purchase ခေါ် အက်ပလီကေးရှင်းအတွင်း အထူး
အခွင့်အရေးများကို ငွေကြေးနှင့်တစ်ခါပြန်ဝယ်ယူရခြင်း (app အများစုမှာ free to play 
ဖြစ်ကြသည်)၊ Paid apps ခေါ်သုံးစွဲချင်သူများက ငွေကြေးဖြင့်ဝယ်ယူရခြင်း (ယခင်
ကွန်ပျူတာဂိမ်းများကဲ့သို့ဖြစ်သည်)၊ App  အတွင်းမှပါဝင်သည့်သတင်းစသည်တို့ကို
ဆိုရှယ်မီဒီယာများတွင် ပြန်လည် share ပြုလုပ်စေခြင်း၊ အသုံးပြုနိုင်ရန် လစဉ်ကြေး
ကောက်ခံခြင်း၊ App နှင့်သက်ဆိုင်သည့် ထုတ်ကုန်တို့ကို အပြင်မှာရောင်းချခြင်း၊ အွန်လိုင်း
ငွေပေးချေမှုနှင့် စီးပွားရေးလုပ်ငန်းတို့ဖြစ်ကြသည်။

မိမိတို့ထုတ်ကုန်ကို လူသုံးစေချင်၍ ဖန်တီးထားခြင်းဖြစ်သည်၊ အကျိုးအမြတ်မရယူပါဆို
သော app များမှာတော့ ပလေးစတိုး၏ ၁ဝ ရာခိုင်နှုန်းခန့်သာ ရှိလေသည်။ အထက်ပါ
နည်းလမ်းတို့အနက် မိုဘိုင်းဂိမ်းများတွင်အသုံးပြုသော နည်းလမ်းများမှာ in-app purchase
စနစ်၊ Paid app စနစ်နှင့် ကြော်ငြာထည့်သွင်းခြင်းတို့ကို အများဆုံးအသုံးပြုကြသည်။

နိုင်ငံတကာတွင် အဆိုပါနည်းလမ်းများနှင့် ဝယ်ယူလိုသူများက PayPal, Visa, Master
အစရှိသော အွန်လိုင်းငွေပေးချေမှုနည်းလမ်းများကို အသုံးပြုကြသော်လည်း မြန်မာနိုင်ငံတွင်
တော့ ပလေးစတိုးအစရှိသည့် သက်ဆိုင်ရာ Redeem ကတ်များကိုဝယ်ယူပြီး ကုတ်နံပါတ်
ထည့်သွင်းကြရသည်။

ပည်တွင်းဂိမ်းစတူဒီယိုများမှ ထုတ်လုပ်သည့်ဂိမ်းများကတော့ မြန်မာနိုင်ငံလက်ရှိအနေ
အထားနှင့်အဆင်ပြေသည့် မိုဘိုင်းအော်ပရေတာများမှတစ်ဆင့် ငွေပေးချေမှုကိုပြုကြသည်။
မိုဘိုင်းအော်ပရေတာများမှတစ်ဆင့် in-app purchase အသုံးပြုခြင်းမှာ နိုင်ငံခြားစျေးကွက်
များတွင် စမတ်ဖုန်းများ စတင်ခေတ်စားခါစ အခြေအနေနှင့်စာလျှင်ပိုဘေးကင်းသည်ဟုဆို
ရမည်။ ၂ဝ၁၁ ခုနှစ်ဝန်းကျင်က အမေရိကန်က အိုင်ဖုန်းသုံးစွဲသူအချို့မှာ သူတို့၏လူမမည်
ကလေးငယ်များ ဂိမ်းကိုအနိုင်ရရန် ဒေါ်လာရာဂဏန်း အသုံးပြုထားကြောင်း ပြန်လည်တွေ့
ရှိခဲ့ရ၍ တရားစွဲကာ ပြန်လည်တောင်းဆိုယူရသည်။ ဒီမှာတော့ ဖုန်းဘေလ်ထည့်ထား
သလောက်သာ အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အလားတူပြဿနာမျိုးကို စိုးရိမ်စရာမလိုပေ။
မိမိစိတ်ဆန္ဒအလျောက်သာ ဖြုန်းတီးမိမည်ကို ကြောက်ရမည်ဖြစ်သည်။

Clash of Clans သို့မဟုတ် COC ဂိမ်းတွင်ကျယ်စဉ်ကာလက မိမိိဂိမ်းထဲကစခန်းကို သူများ
ထက်သာအောင်၊ တခြားစခန်းတို့ကိုတိုက်ခိုက်လျှင် အနိုင်ရအောင် Gem များဝယ်ယူကြ
သည်မှာ in-app purchase စနစ်ပင်ဖြစ်ပါသည်။ ယခုထိလည်း Pokemon GO, Mobile
Legend, Magic Rush စသဖြင့် အသစ်ပေါ်လာသောဂိမ်းများကို ဝယ်ယူဆော့ကစားသူ
များရှိကြသည်။

အများအားဖြင့် in-app purchase, paid app နှင့် လစဉ်ကြေးရယူသည့်စနစ်သုံးမျိုးမှာ
ဂိမ်းတစ်ခုလျှင် တစ်မျိုးသာပါဝင်ကြသည်။ အချို့ app များကတော့ အစောပိုင်းအခန်းများကို
ဆော့ကစားခွင့်ပေးပြီးမှ လက်ကျန်အပိုင်းတို့ကို ဆက်လက်ကစားလျှင် ငွေပေးချေရသည့်
ပုံစံကိုသုံးကြသည်။ မိုဘိုင်းဂိမ်းများတွင်တော့ လစဉ်ကြေးနှင့်သုံးသည့်ထုတ်ကုန်မရှိ
သလောက်ရှားပါးပြီး မဖာလ်တီမီဒီယာ ဝန်ဆောင်မှုများ၌မူတွေ့ရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ paid app နှင့် လစဉ်ကြေးစနစ်တို့ဖြင့်ရောင်းချသော app များမှာ
တစ်ခါသာငွေကုန်မည်ဖြစ်၍ မစိုးရိမ်လောက်ရသော်လည်း in-app purchase စနစ်ဖြင့်
ကစားသူအချင်းချင်း ယှဉ်ပြိုင်ခိုင်းသော မိုဘိုင်းဂိမ်းများကိုတော့ ဂရုစိုက်ရမည်ဖြစ်သည်။

My-Play ၏ ၂ဝ၁၆ စစ်တမ်းအရဆိုလျှင် လက်ရှိမိုဘိုင်းဂိမ်းများကို ဆော့ကစားနေသည်မှာ
အသက် ၂ဝ နှင့် ၄ဝ ကြား ကိုယ်ပိုင်ဝင်ငွေရှာဖွေနိုင်သည့် အသက်အရွယ်မှာ အများဆုံး
ဖြစ်ကာ စုစုပေါင်းစစ်တမ်းကောက်ယူသူဦးရေ၏ ရ၆ ရာခိုင်နှုန်းအထိရှိလေသည်။ နိုင်ငံ
တကာစစ်တမ်းအရ ဂိမ်းကစားသူများအနက် အကြီးအကျယ် စွဲစွဲလမ်းလမ်းငွေသုံးကစားသူ
ဦးရေမှာ ၁ဝ ရာခိုင်နှုန်းသာရှိသော်လည်း ထို ၁ဝ ရာခိုင်နှုန်းမျှသော ကစားသူတို့၏သုံးစွဲမှု
အားမှာ ထိုဂိမ်း၏ in-app purchase စုစုပေါင်း၏ ရဝ ရာခိုင်နှုန်းထိ ရှိတတ်သည်ဟု
ဆိုသည်။ အမြတ်ငွေအနေဖြင့်ပြောရလျှင် ထို ၁ဝ ရာခိုင်နှုန်းကရရှိသောဝင်ငွေမှာ ဂိမ်း
တစ်ခုလုံးအမြတ်ငွေရဲ့ ၅၉ ရာခိုင်နှုန်းထိပင်ရှိတတ်သည်။

မိုဘိုင်းဂိမ်းများမှာ အချိန်မရွေး နေရာမရွေး အပန်းဖြေဆော့ကစားနိုင်သည့် ဖျော်ဖြေရေး
တစ်မျိုးပင်ဖြစ်သည်။ နိုင်ငံတကာ၌မြင့်တက်လျက်ရှိသော စျေးကွက်တစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံမှာ အချိန်တိုအတွင်း ခုန်တက်လာသည့် စမတ်ဖုန်းသုံးစွဲသူဦးရေကြောင့် ဖွံ့ဖြိုး
တိုးတက်လာနိုင်ခြေမြင့်မားသည့် မိုဘိုင်းဂိမ်းစျေးကွက်တစ်ခုအပါအဝင်ဖြစ်သည်။ မိမိ
နှစ်သက်သည့်ဂိမ်းတစ်ခုကို အားပေးသည့်အနေဖြင့်လည်းကောင်း၊ ပမာဏမများသည့်
ငွေအနည်းငယ်အသုံးပြုကာ အခြားကစားသူများထက် သာလွန်အောင်ပြုလုပ်ဖို့ ကြိုးစား
သည်အဖြစ်လည်းကောင်း မှားသည်ဟုမဆိုနိုင်သော်လည်း မိုဘိုင်းဂိမ်းတစ်ခုအတွက်
ငွေကြေးသုံးစွဲမှုကိုတော့ သတိချပ်၍ အသင့်အတင့်သာစွဲလမ်းသင့်သည်ဟု အကြံပေး
လိုက်ပေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်