ပြီးခဲ့သည့် ဧပြီလ ရ ရက်မှ ၂၂ ရက်နေ့အထိ နှစ်ပတ်ကြာ မြန်မာကျောင်းသားများကို
နည်းပညာပိုင်းဆိုင်ရာ အခြေခံအုပ်မြစ်များ စတင်ချပေးသည့် ကမ္ဘာ့ထိပ်တန်းသတင်း
အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)များ ထောက်ပံ့သော ကုမ္ပဏီတစ်ခုဖြစ်သော
ဟွာဝေး(Huawei)၏ ပထမအကြိမ်လေ့လာသင်ယူရေး သင်တန်းသည် အောင်မြင်စွာပြီးဆုံးခဲ့ပြီ
ဖြစ်သည်။
အဆိုပါလေ့လာသင်ယူရေးသင်တန်းကို ‘Seeds for the future’ (အနာဂတ်အတွက် မျိုးစေ့များ)ဟု
အမည်ပေးထားပြီး ဧပြီလ ၂၁ ရက်နေ့က ဟွာဝေးရုံးချုပ်အခြေစိုက်ရာ တရုတ်နိုင်ငံ၊ ရှန်ကျန်းပြည်နယ်၊
ဂေါင်ဒေါင်မြို့တွင် သင်ယူခွင့်ရရှိခဲ့သည့် နည်းပညာတက္ကသိုလ်(သန်လျင်)နှင့် ကွန်ပြူတာတက္ကသိုလ်
တို့မှ ထူးချွန်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀ဦးနှင့် ရုရှားနိုင်ငံမှ တက်ရောက်သင်ကြားခဲ့သည့်
ကျောင်းသားများကို ဟွာဝေးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ David Harmon နှင့်
တာဝန်ရှိသူများက သင်တန်းဆင်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
သင်တန်းတက်ရောက်ခဲ့သည့် လှော်ကားကွန်ပြူတာတက္ကသိုလ်တွင် ပညာသင်ကြားနေသော
စတုတ္ထနှစ်ကျောင်းသား မောင်ဟိန်းဝင်းဇော် က '' သုံးနေတဲ့ မိုဘိုင်းဖုန်းတွေနဲ့ပတ်သက်တာရယ်။
အင်တာနက်ရယ်။ အခုခေတ်စားနေတဲ့ Cloud မှာ အချက်အလက်တွေ သိမ်းဆည်းတာရယ်
အဲ့ဒါတွေ သင်ပါတယ်။ နောက်ပြီးတော့ အင်တာနက် အသုံးပြုရုံနဲ့ အရာရာအားလုံးကို အလွယ်တကူ
လုပ်နိုင်တယ်ဆိုတာတွေကို သင်ရပါတယ်'' ဟု သင်ကြားခဲ့ရမှုများကို ပြောသည်။
ဟွာဝေးနည်းပညာကုမ္ပဏီသည် မိုးဘိုင်းဖုန်းကို အသုံးပြုပြီး မိမိ၏ မော်တော်ကားကို ကားပါကင်သို့
ရောက်ရှိနိုင်မည့် နည်းပညာကိုလည်း တီထွင်လျက်ရှိရာ ၂၀၂၀ခုနှစ်တွင် ထိုနည်းပညာသစ်ကို
ကမ္ဘာသို့ ချပြနိုင်ရန်အတွက် ရည်မှန်းထားသည်။
လေ့လာသင်ကြားခဲ့ရသည့် မြန်မာကျောင်းသားများအနေဖြင့် သင်တန်းပြီးမြောက်သွားခဲ့သော်လည်း
ဟွာဝေးနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံ၏ အိုင်စီတီနည်းပညာ တိုးတက်လာစေရန်
ဆက်လက်ကြိုးစားသင်ယူသွားမည်ဟု ဆိုသည်။
"မနက် ကိုးနာရီလောက်ကနေ ညနေ လေးနာရီလောက်အထိ သင်ရပါတယ်။ သင်တဲ့အချိန်မှာ
ငြီးငွေ့တယ်ဆိုတာ မရှိဘူး။ သင်လို့ရှိရင် ကြားထဲမှာ ခဏနားချိန်ဆိုရင် သီချင်းလေးတွေ
ဖွင့်ပေးတယ်။ တော်တော်အဆင်ပြေတယ်ခင်ဗျ။ အခက်အခဲတော့ မရှိပါဘူး။ လမ်းညွှန်သူလည်း
ထားပေးတယ်။ ဒီသင်တန်း အစီအစဉ်လေးမှာ ကိုယ်ဘာလိုလို ဖြည့်ဆည်းပေးပါတယ်" ဟု
မောင်ဟိန်းဝင်းဇော်က ပြောသည်။
သင်တန်းအစီအစဉ်အရ ပထမအပတ်တွင် ဘေဂျင်းမြို့တွင် အိုင်စီတီနည်းပညာပိုင်းဆိုင်ရာကို
စာတွေ့နှင့် အခြားသော အနုပညာပိုင်းဆိုင်ရာကို သင်ကြားခဲ့ရပြီး ဒုတိယအပတ်တွင်မူ ရှန်ကျန်းမြို့၌
အိုင်စီတီနည်းပညာပိုင်းဆိုင်ရာများကို လေ့လာသင်ယူခဲ့ကြရသည်။
"လေ့လာသင်ယူခွင့်ရတာ အရမ်းကံကောင်းပါတယ်။ သင်ရတာလည်း အဆင်ပြေတယ်။
အင်တာနက်ဆိုင်ရာ 3G 4G တွေကို လေ့လာသင်ယူ ခွင့်ရခဲ့ပါတယ်" ဟု ရန်ကုန်ကွန်ပြူတာ
တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် နောက်ဆုံးနှစ်ကျောင်းသူ မမြတ်မွန်ကြည်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
ဧပြီလအတွင်းက တရုတ်နိုင်ငံခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည်
သင်တန်းတက်ရောက်နေသော မြန်မာကျောင်းသားများနှင့် တွေ့ဆုံစဉ် ဟွာဝေးကုမ္ပဏီကို ယခုကဲ့သို့
ပညာရေးကို ပိုမိုလုပ်ဆောင်ပေးစေလိုကြောင်း၊ နည်းပညာကောလိပ်နှင့် ကွန်ပြူတာတက္ကသိုလ်များ
တွင်လည်း နည်းပညာသင်တန်းများ ပို့ချပေးစေလိုကြောင်း တောင်းဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
ဟွာဝေးကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် ၂၀၁၄ ခုနှစ်ကတည်းက နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာ
၁၆ မျိုး ပါဝင်သည့် ပူးပေါင်းကူညီဆောင်ရွက်ရေ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားခြင်း
ဖြစ်ပြီး Seeds for the future အစီအစဉ်သည် ထိုစာချွန်လွှာတွင် ပါဝင်သည့် အကြောင်းအရာ
များထဲက တစ်ခုလည်းဖြစ်သည်။
"အိုင်စီတီနည်းပညာဆိုတာ အနာဂတ်မှာ ပိုမိုလိုအပ်လာမယ့် အရာတစ်ခုဖြစ်ပါတယ်။ အခုလို
မြန်မာကျောင်းသူ။ ကျောင်းသားတွေကို သင်ကြားပေးခွင့် ရတဲ့အတွက်လည်း အလွန်ဝမ်းမြောက်မိပါ
တယ်။ နောင်လည်း ဒီလိုမျိုးအစီအစဉ်တွေ ဆက်ရှိနေဦးမှာပါ။ ဒါက တရုတ်- မြန်မာ နှစ်နိုင်ငံ
ဆက်ဆံရေးမှာ အခုထက်ပိုပြီး ကောင်းမွန်းလာမယ့် အချက်လည်းဖြစ်လို့ ဟွာဝေးကုမ္ပဏီအနေနဲ့
ဂုဏ်ယူမိပါတယ်" ဟု ဟွာဝေးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ David Harmonက မြန်မာတိုင်း(မ်)ကို
ပြောသည်။

















