ပြည်တွင်းစျေးကွက်ကို ထိုးဖောက်လာသော Streaming ဝန်ဆောင်မှုများ

ပြည်တွင်းစျေးကွက်ကို ထိုးဖောက်လာသော Streaming ဝန်ဆောင်မှုများ

လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ခန့်က ရန်ကုန်ကဲ့သို့ မြို့ကြီးတွင်ပင် မြို့နယ်အများစု၌ ရုပ်မြင်
သံကြားစက်တစ်လုံးကို မိသားစုပေါင်းများစွာ စုဝေးကြည့်ရှုခဲ့ရဖူးသည်။

ယနေ့အခါ ရုပ်မြင်သံကြားစက်၊ သို့မဟုတ် တီဗီကဲ့သို့ မီဒီယာစက်ပစ္စည်းများ ပေါများ
လာပြီဖြစ်သော်လည်း ရုပ်သံစက်ရှေ့တွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြည့်ရှုသော
ပရိသတ်များကတော့ အရင်လို မရှိတော့ပြီ။

ဘာမဆို အင်တာနက်ဖွင့်လိုက်ရုံနှင့် အလွယ်တကူရှာဖွေကြည့်ရှုနားဆင်နိုင်သောခေတ်
တွင် ဖျော်ဖြေရေးအခြေခံထုတ်လုပ်သူများက လူအများနှင့် အချိန်ပြည့်နီးပါးရှိနေနိုင်သော
မိုဘိုင်းဖုန်းကဲ့သို့ မျက်နှာပြင်များကို ပစ်မှတ်ထားကာ အွန်လိုင်းစတိုးများမှ ရောင်းချ
ထိုးဖောက်လာကြပြီဖြစ်သည်။

ထိုသို့ထိုးဖောက်လာရာ၌ Piracy ဟုခေါ်သည့် ခိုးကူးများကို အွန်လိုင်းပေါ်တွင် သူငယ်ချင်း
များကို ကြည့်စေလိုသောကြောင့်လည်းကောင်း၊ Follower ရရှိလိုသောကြောင့်လည်း
ကောင်း ဗီဒီယိုများ၊ သီချင်းများကို မူရင်းပိုင်ရှင်ထုတ်လုပ်သူနှင့် အနုပညာရှင်တို့ ခွင့်ပြုချက်
မပါဘဲ upload  တင်ခြင်းများကို တွေ့ကြံုလာရသည်။ ဆိုရှယ်နက်ဝပ်များတွင်ပါ အလွယ်
တကူ ကြည့်ရှုနိုင်အောင် တင်ပေးလာသောကြောင့် အသစ်ထွက်သည့် ရုပ်ရှင်ဇာတ်ကား
များ၊ ဇာတ်လမ်းတွဲများပင် ရက်ပိုင်းအတွင်း အွန်လိုင်းပေါ်ရောက်ကာ ကြည့်ရှုသူများနှင့်
စည်ကားနေတော့သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၄ နှစ်ကုန်ပိုင်းက နိုင်ငံခြား တယ်လီကွန်းအော်ပရေတာများ ဝင်ရောက်
လာပြီးနောက် နည်းပညာခုန်လွှားမှု ကြီးကြီးမားမားဖြစ်ပေါ်လာခဲ့ကာ မိုဘိုင်းစျေးကွက်
ရုတ်တရက် ကြီးထွားလာခဲ့သည်။ လူဦးရေ သန်း ၅ဝ ကျော်ရှိသော နိုင်ငံတစ်နိုင်ငံတွင်
ရာခိုင်နှုန်းအများစုမှာ အွန်လိုင်းငွေကြေးသုံးစွဲခြင်း၊ မိုဘိုင်းဖုန်းနှင့် အွန်လိုင်းဝန်ဆောင်မှု
စသည်တို့ကို လုံးဝသုံးစွဲဖူးခြင်းမရှိသေးသဖြင့် အရှေ့တောင်အာရှတွင် နည်းပညာကုမ္ပဏီ
များအတွက် အခွင့်အလမ်းကောင်းသည့်စျေးကွက်တစ်ခုဖြစ်ပြီး ရရှိလာနိုင်သည့် သုံးစွဲသူ
ဦးရေမှာ အလွန်မြင့်မားသည်။

ပြည်တွင်းရုပ်သံဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ဗီဒီယိုရောင်းချမှုတို့တွင် ရုပ်သံလိုင်းအနည်းငယ်
မျှနှင့် hard copy ဟုခေါ်သော physical အခွေများအပေါ် မှီခိုရောင်းချနေဆဲသာဖြစ်သည်။
ဂီတ၊ ရုပ်ရှင်နှင့် ရုပ်ပြစာအုပ် အစရှိသည့် ဖျော်ဖြေရေးပစ္စည်းများမှာ အစဉ်မပြတ် စျေးကွက်
တောင်းဆိုမှုရှိသည့် ကဏ္ဍများဖြစ်ကာ လူသားတို့ရှိနေသရွေ့ မည်သည့်ခေတ်၌မဆို
စျေးကွက်ရှိနေဦးမည်ဖြစ်သည်။

၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ အစပိုင်းတို့တွင် အွန်လိုင်းမှ ရုပ်ရှင်ကားများကို တိုက်ရိုက်ကြည့်ရှု
နိုင်သည့် video streaming ဝန်ဆောင်မှုများ ပြည်တွင်းသို့ စတင်ဝင်ရောက်လာပြီး
ဝန်ဆောင်မှု စတင်ပေးနေပြီဖြစ်သည်။ ဥပမာ နိုင်ငံတကာ၌ လူကြိုက်များသည့် Netflix 
ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင်ရရှိနိုင်ပြီဖြစ်ပြီး လစဉ်ကြေးပေးသွင်းကာ အသုံးပြုကြည့်ရှု
နိုင်ပြီဖြစ်သည်။

Video streaming ၏အားသာချက်မှာ သုံးစွဲသူအဖို့ ရုပ်သံလိုင်းများကဲ့သို့ မိမိနှစ်သက်
သည့်အစီအစဉ် (သို့) ဇာတ်ကားကို ကြည့်ရှုရန် သတ်မှတ်ပေးထားသောအချိန်အား
စောင့်ဆိုင်းဖို့ မလိုအပ်ခြင်းဖြစ်သည်။ မိမိ လစဉ်ကြေးပေးသွင်းထားသည့် အချိန်အတွင်း
အဆိုပါဝန်ဆောင်မှုမှ ဝယ်ယူထားသော မည်သည့်ဇာတ်ကား၊ ဇာတ်လမ်းတွဲကိုမဆို
ကြိုက်သည့်အချိန်တွင် ကြိုက်နှစ်သက်ရာ စမတ်ဖုန်း၊ တက်ဘလက်နှင့် ရုပ်မြင်သံကြား
စက်တို့တွင် ကြည့်ရှုနိုင်ပေလိမ့်မည်။ အချို့သော ဝန်ဆောင်မှုများ၌ offline ပြန်လည်
ကြည့်ရှုနိုင်ရန် ခေတ္တသိမ်းဆည်းထားနိုင်သော ရွေးချယ်မှုပင် ပါဝင်သည်။

''သုံးစွဲရတာ အဆင်ပြေပါတယ်။ ချက်ချင်း ကြည့်ချင်တဲ့ ရုပ်ရှင်ကို ကြည့်လို့ရတဲ့အပြင်
ဖုန်းတွေ hardisk တွေမှာ နေရာပြည့်နေမှာလည်း မပူရတော့ဘူး''ဟု ပြည်တွင်းသို့
လတ်တလောဝင်ရောက်လာသော iflix ဗီဒီယိုတိုက်ရိုက်ဝန်ဆောင်မှုကို အသုံးပြုသူ
တစ်ဦးဖြစ်သည့် ကိုစည်သူတိုးနိုင်က ပြောသည်။ ထို့ပြင် မိမိအကောင့်ထဲတွင် ကြည့်ရှု
ခဲ့သောဇာတ်ကားများကို မှတ်သားထားသည့်အတွက် ကြည့်လက်စဇာတ်ကားများကို
ရပ်တန့်လိုက်ပြီးနောက် အချိန်မရွေး ရပ်တန့်ခဲ့သည့်နေရာမှ အလွယ်တကူ ပြန်လည်
ကြည့်ရှုနိုင်သည်ကိုလည်း သဘောကျကြောင်း သူက ဆိုသည်။

ထိုကဲ့သို့ ကြည့်လိုရာကိ ုချက်ချင်းကြည့်ရှုနိုင်ခြင်း၊ ပြည်တွင်းဘာသာစကားကို စာတန်
းထိုးပေးခြင်း၊ အွန်လိုင်းဝန်ဆောင်မှု ဖြစ်သည့်အတွက် မိမိကြည့်ခဲ့သည့် ဇာတ်ကားများကို
အချိန်နေရာမရွေး ဆက်လက်ကြည့်ရှုနိုင်ခြင်း စသည်တို့မှာ အွန်လိုင်း streaming 
ဝန်ဆောင်မှုတို့၏ အားသာချက်ဖြစ်ပြီး ရုပ်မြင်သံကြားစက် စသည့်ဝန်များကို သယ်စရာ
မလိုဘဲနှင့် မည်သည့်နေရာ၊ မည်သည့်အချိန်မဆို အပန်းဖြေကြည့်ရှုနိုင်ခြင်းမှာ မိုဘိုင်း
နည်းပညာ၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ ပြည်တွင်းရုပ်ရှင်ရုံများနှင့် ရုပ်သံလိုင်းများတွင် အခက်
အခဲအမျိုးမျိုးကြောင့် မပြသနိုင်သော ရုပ်သံဇာတ်လမ်းတွဲ အသစ်များ၊ ရုပ်ရှင်ဇာတ်ကားသစ်
များနှင့် ဂန္ထဝင်ဇာတ်ကားများကို လွယ်ကူစွာ စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်ခြင်းကလည်း
အားသာချက်တစ်ခုဖြစ်သည်။

၄င်း၏အားနည်းချက်မှာမူ ပြည်တွင်း၌ အင်တာနက်ထောက်ပံ့မှု အားရစရာမရှိသေးခြင်းနှင့်
အွန်လိုင်းငွေချေစနစ် မတွင်ကျယ်သေးခြင်းတို့ ဖြစ်သည်။ Streaming မီဒီယာဝန်ဆောင်မှု
များ၏အားသာချက်မှာ သုံးစွဲသူက နှစ်သက်ရာ၊ သို့မဟုတ် အသစ်စက်စက် ရုပ်ရှင်တစ်ကား
ကြည့်ရန် အရောင်းဆိုင်သို့ သွားစရာမလို၊ ရုပ်ရှင်ရုံသို့ သွားစရာမလိုဘဲ ထိုင်ရာမထ
အွန်လိုင်းမှ ငွေပေးကာ အနီးတွင် အလွယ်တကူရှိသည့် ဂတ်ဂျက်ကိရိယာနှင့် အလွယ်တကူ
ကြည့်ရှုရန် ဖြစ်သည်။ ဝယ်ယူရန် တကူးတက သွားရောက်ရမည်ဆိုပါက ၄င်းအားသ
ာချက်မှာ အဓိပ္ပာယ်မရှိတော့ချေ။

ထို့ပြင် အင်တာနက်ထောက်ပံ့မှုကလည်း အင်မတန် အရေးပါလှသည်။ ဇာတ်ကားများကို
ကြည်လင်စွာကြည့်ရှုလိုပါက ပုံမှန်ထက် အနုစိတ်အား (resolution)  ပိုမိုများပြားသော
ဗားရှင်းကို ရွေးချယ်ရမည်ဖြစ်ပြီး ပုံမှန်ထက်အဆများစွာ ဒေတာသုံးစွဲမှုကြီးမားပေလိမ့်မည်။
မြန်မာနိုင်ငံ၌ မိုဘိုင်းအော်ပရေတာများ ရောက်ရှိ ဝန်ဆောင်မှုပေးနေသည်မှာ နှစ်နှစ်ကျော်
ရှိပြီဖြစ်ပြီး များပြားသည့် data package ရွေးချယ်မှုများ ကမ်းလှမ်းရောင်းချနေသော်လည်း
ယခုတိုင်အောင် package ဝယ်ယူရန်ကိုပင် မရင်းနှီးဘဲ စျေးပိုများသည့် တစ်မဂ္ဂါဘိုက်ချင်း
ပေးဆောင်ရသည့် စနစ်အတိုင်း သုံးနေသူ မိမိပတ်ဝန်းကျင်၌ များစွာကျန်သေး၏။ ထိုကဲ့သို့
တစ်မဂ္ဂါဘိုက်ချင်းပေးသည့်စနစ်ဖြင့်သာ streaming ဝန်ဆောင်မှုကို အသုံးပြုမည်ဆိုလျှင်
အင်မတန်မှပင် အကုန်အကျများမည် ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုတို့၏ စာမျက်နှာများတွင်လည်း သုံးစွဲသူအများစု စောဒကတက်လေ့ရှိ
သည့်အချက်မှာ လစဉ်ကြေးပေးပြီးသည်ကို ဒေတာ ထပ်မံကျသင့်သည်ဟူ၍ဖြစ်၏။ လစဉ်
ကြေးဖြင့် အင်တာနက်ဝန်ဆောင်မှုတစ်မျိုးမျိုးကို ပုံမှန်သုံးစွဲသူများအတွက် အဆင်ပြေသော်
လည်း လက်ရှိပြည်တွင်းတွင် အများစုဖြစ်သော မိုဘိုင်းအော်ပရေတာများထံမှ ဒေတာ
volume ဖြင့်ဝယ်ယူသုံးစွဲသူများအတွက်တော့ ကုန်ကျစရိတ်များနိုင်သည့် အချက်ဖြစ်သည်။

ယနေ့ဝင်ရောက်လာသော Netflix, iflix စသည့်ဝန်ဆောင်မှုများမှာ သုံးစွဲသူများရင်းနှီးမှု
ရရှိစေရန် ပထမရက် ၃ဝ ကို အခမဲ့သုံးစွဲစေခြင်းဖြင့် ဆွဲဆောင်ကြသလို လစဉ်မင်ဘာကြေး
ကိုလည်း အတတ်နိုင်ဆုံးလျော့ချထားကြသည်ကို တွေ့ရသည်။ ထို့ပြင် နိုင်ငံတကာမှ
လက်ရှိနာမည်ကြီးနေသော ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များကိုလည်း ပြည့်စုံစွာ စုစည်းပေး
ထားကြသည်။ သို့သော်လည်း လစဉ်ကြေးပေးသွင်းဖို့ လွယ်ကူသက်သာသောနည်းလမ်း
နှင့်အော်ပရေတာများဖြင့်ပူးပေါင်းကာ Streaming အတွက် သီးသန့် data pack များ
ပြုလုပ်ပေးရန်မှာ သုံးစွဲသူများအတွက် လိုအပ်ချက် ဖြစ်လာနိုင်သည်။

တရားဝင်ဝယ်ယူထားသော ဇာတ်ကားများကို ကြည့်ရှုအားပေးခြင်းမှာ အပင်ပန်းခံထုတ်လုပ်
ခဲ့သောအနုပညာရှင်များ၊ ပရိုဂျူဆာများကို အမှန်တကယ်အားပေးခြင်းပင်ဖြစ်သည်။
Streaming ဝန်ဆောင်မှုများက ပြည်တွင်းဇာတ်ကားများနှင့် ရုပ်သံစီးရီးများကိုပါ ရွေးချယ်
ကြည့်ရှုနိုင်အောင် ထည့်သွင်းလာခြင်းဖြင့် ပြည်တွင်းရုပ်ရှင်စျေးကွက်လည်း တိုးတက်
လာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်ကတည်းက နိုင်ငံခြားကားများကို တရားဝင် ရောင်းချခြင်းမဟုတ်ဘဲ
နယ်စပ်များမှတစ်ဆင့်ခံ ဝင်ရောက်လာသည့် DVD ခွေများကို အားကိုးကြည့်ရှုခဲ့ကြရသည်။
မိုဘိုင်းအော်ပရေတာများကြောင့် အင်တာနက် အလွယ်တကူအသုံးပြုနိုင်လာသည့် အခါ
တွင်လည်း pirate ဟုခေါ်သည့် တရားမဝင်ခိုးယူပြီး ပြန်လည်ပြန့်ပွားမှုများကိုသာ အားပေး
နေကြသည်။ ယခုအခါ တရားဝင် streaming ဝန်ဆောင်မှုများ ရောက်ရှိလာပြီဖြစ်သော
ကြောင့် မိမိတို့နှစ်သက်သော ရုပ်သံဇာတ်လမ်းများ၊ ဇာတ်ကားများကို တကယ့်
ထုတ်လုပ်သူနှင့် ဆက်စပ်သူများအကျိုးရှိစေရန် တရားဝင်အားပေးသင့်သည်။

ထို့ပြင် streaming ဝန်ဆောင်မှုများမှာ ပြည်တွင်း ရုပ်ရှင်ထုတ်လုပ်သူများအတွက်ရော၊
ပြည်တွင်းရုပ်ရှင်ပရိသတ်အတွက်ပါ အခြေချစရာ ပလက်ဖောင်းများ ဖြစ်လာနိုင်သည့်
အနာဂတ်ကလည်း တောက်ပနေသည်။ ထိုသို့ဆိုလျှင် ရုပ်ရှင်ရုံကြီးများ မရှိသည့် မြို့ငယ်
များအတွက်လည်း ခေတ်နှင့်အညီ ပြည်တွင်းပြည်ပဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို
တရားဝင်ဖြန့်ဖြူးသူထံမှ တန်ရာတန်ကြေးပေး၍ ကြည့်ရှုနိုင်ကြမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်