လှိုင်းနှုန်းစဉ် ၁,၈၀၀ မဂ္ဂါဟတ်ဇ်ကို တယ်လီနောမြန်မာ ရရှိ

လှိုင်းနှုန်းစဉ် ၁,၈၀၀ မဂ္ဂါဟတ်ဇ်ကို တယ်လီနောမြန်မာ ရရှိ

ပြည်ပဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောမြန်မာသည် လှိုင်းနှုန်းစဉ်
(Spectrum) ၁,၈၀၀ မဂ္ဂါဟတ်ဇ် အသုံးပြုခွင့်ရရှိပြီဖြစ်ကြောင်း မေ ၁၉ ရက်တွင်
သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လှိုင်းနှုန်းစဉ် သုံးစွဲခွင့်ရရှိသည့်အတွက် 3G ကွန်ရက်ထက် ပိုမိုမြန်ဆန်သည့်နှုန်းဖြင့်
စစ်မှန်သော 4G / Long-Term Evolution (LTE) ၀န်ဆောင်မှုကို တိုးချဲ့ပေးနိုင်တော့မည်ဟုလည်း
တယ်လီနောမြန်မာက ဆိုသည်။

"တယ်လီနောအနေနဲ့ ကွန်ရက်အတွင်း လှိုင်းနှုန်းစဉ် ၁,၈၀၀ မဂ္ဂါဟတ်ဇ်ကနေ 4G / LTE ကို
ပေးအပ်နိုင်အောင် ဆောင်ရွက်နေပြီး မကြာခင်မှာ အရေအတွက် ပိုမိုများပြားတဲ့ မြို့ကြီးတွေနဲ့ မြို့တွေမှာ
ဒီဝန်ဆောင်မှုကို ပေးအပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု တယ်လီနောမြန်မာ၊ အမှုဆောင်အရာရှိချုပ်
မစ္စတာ လားစ်အဲရစ်တဲလ်မန်းက ပြောသည်။

တယ်လီနောသည် ယခင် အသုံးပြုခွင့်ရထားသော လှိုင်းနှုန်းစဉ် ၂,၁၀၀ မဂ္ဂါဟတ်ဇ်နှင့်
၉၀၀ မဂ္ဂါဟတ်ဇ်ကို အသုံးပြုကာ 4G ကွန်ရက်ကို မြို့ကြီး ၁၉ မြို့တွင် ၀န်ဆောင်မှုပေးထားပြီဖြစ်ပြီး
ယခု ၁,၈၀၀ မဂ္ဂါဟတ်ဇ် အသုံးပြုခွင့် ရရှိသည့်အတွက် 4G ကွန်ရက်ကို တိုးချဲ့ဝန်ဆောင်မှုပေးမည်
ဖြစ်သည်။

ယင်းလှိုင်းနှုန်းစဉ် အသုံးပြုခွင့် ၁၂ နှစ်တာ ကာလအတွက် သတ်မှတ်နှုန်းထား စုစုပေါင်း
အမေရိကန်ဒေါ်လာ သန်း ၈၀ ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့
ပေးသွင်းရမည်ဖြစ်ကြောင်း ပထမအရစ်အဖြစ် အမေရိကန်ဒေါ်လာ ၃၂ သန်းကို ပေးသွင်းရမည်ဖြစ်ရာ
ကျန်ငွေများကို လိုင်စင်သက်တမ်း၏ ဒုတိယနှင့် စတုတ္ထနှစ်အကြား ပေးသွင်းရမည်ဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်