အမ်ပီတီနှင့် နံပါတ်တူ ဆင်းကတ်များကို တရားဝင်ခွင့်ပြုထားခြင်း မရှိသည့်အပြင် ဖုန်းဖြင့်
ဆက်သွယ်ရောင်းချမှု လုံးဝမရှိကြောင်း ပြည်ပဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့်
တယ်လီနော နှင့် အူရီဒူး တာဝန်ရှိသူများက မြန်မာတိုင်း(မ်)ကို ပြောသည်။
တယ်လီနောနှင့် အူရီဒူးဆင်းကတ်နံပါတ်များကို ရွေးချယ်ဝယ်ယူလိုပါက ဈေးကွက်အတွင်း တရားဝင်
ဖွင့်လှစ်ထားသော အရောင်းဆိုင်များအပြင် မိုဘိုင်းအက်ပလီကေးရှင်းများကလည်း
ဆင်းကတ်နံပါတ်များကို ရွေးချယ်ဝယ်ယူနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူများက ပြောသည်။
"သုံးစွဲသူတွေဆီကို ဖုန်းတွေလှမ်းဆက်ပြီး ဆင်းကတ်တွေ ရောင်းနေတာ တရားဝင်ခွင့်ပြုထားတာ
မဟုတ်ပါဘူး။ အူရီဒူးကလည်း ဆင်းကတ်တွေကို ဖုန်းဆက်ပြီး ရောင်းချတာ လုံးဝမရှိပါဘူး။
အကြံပြုချင်တာက ဆင်းကတ်နံပါတ်တွေကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင် တရားဝင်
အရောင်းဆိုင်တွေမှာ ရွေးဝယ်လို့ရသလို My Ooredoo အက်ပလီကေးရှင်းမှာလည်း ကိုယ်လိုချင်တဲ့
ဆင်းကတ်နံပါတ်တွေကို ရွေးချယ်ဝယ်လို့ ရပါတယ်"ဟု အူရီဒူး မြန်မာ၏ လူမှုဆက်ဆံရေးမန်နေဂျာ
ဒေါ်မေမျိုးဟန်က ပြောသည်။
ဖုန်းဖြင့်ဆက်သွယ်၍ ဆင်းကတ် ရောင်းချမှုများ မပြုလုပ်ရန် သတိပေးမည်ဖြစ်ပြီး သတိပေးကာလ
ပြီးဆုံးပါက အရေးယူမည်ဟု တယ်လီနောမြန်မာ၏ ဆက်သွယ်ရေးအရာရှိ ဦးအဲလက်စ်ညီညီအောင်က
ပြောသည်။
"ဖုန်းတွေနဲ့ဆက်ပြီး ဆင်းကတ်ရောင်းချတာ တယ်လီနောမှာ လုံးဝမရှိပါဘူး။ ဒါကို ကျွန်တော်တို့
တရားဥပဒေကြောင်းအရ သတိပေးအရေးယူဖို့ လုပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရောင်းတဲ့
သူတွေက တစ်ခါတလေ တယ်လီနော ၀န်ထမ်းဆိုပြီးတော့ ပြောပြီး ရောင်းနေတယ်လို့ ကြားရတယ်။
တယ်လီနောက တရားဝင်အရောင်းဆိုင် နှစ်သိန်းလောက်ကို ဖွင့်ထားတယ်။ ဖုန်းဆက်ပြီး ရောင်းစရာ
ဘာအကြောင်းမှ မရှိပါဘူး"ဟု ၎င်းက ပြောသည်။
နံပါတ်တူဆင်းကတ်ဟုဆိုကာ ဖုန်းဖြင့် ဆက်သွယ်ရောင်းချမှုများသည် မိုဘိုင်းဖုန်းသုံးစွဲသူများကို
စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ရန်ကုန်မြို့နေ အမ်ပီတီဆင်းကတ် သုံးစွဲသူ ဦးဝင်းမြင့်က
ပြောသည်။
"ကျွန်တော့ဖုန်းထဲကို မကြာခဏ ဆိုသလို ကိုယ်မသိတဲ့ ဖုန်းနံပါတ်တွေ ဖုန်းတွေ
ခဏခဏဝင်လာတယ်။ အဲဒီဖုန်းက အမ်ပီတီနဲ့ နံပါတ်တူတဲ့ တယ်လီနော ဆင်းကတ်ယူမလားဆိုပြီး။
မယူဘူးလို့ ပြောလည်း အဲဒါကို မှတ်မထားဘူး။ တစ်ပတ်နှစ်ပတ်လောက်ကြာရင် ထပ်ဆက်ပြန်ရော။
တစ်ခါတလေ အလုပ်ကိစ္စ အလုပ်ရှုပ်နေတာပဲဖြစ်ဖြစ်၊ တစ်ခုခု အရေးကြီးကိစ္စတွေပေါ်နေတဲ့
အခါဖြစ်ဖြစ် ဒီဖုန်းတွေက စိတ်အနှောင့်အယှက်ဖြစ်ရတယ်"ဟု ၎င်းက ပြောသည်။
ဖုန်းဖြင့် ဆက်သွယ်ရောင်းချရာတွင် ဆင်းကတ်တစ်ခုလျှင် ကျပ် တစ်သောင်းအထက်ဖြင့်
ရောင်းချလျက်ရှိသည်ဟု အမ်ပီတီဆင်းကတ် အသုံးပြုသူ မထိုက်ထိုက်စိုးက ပြောသည်။
"ကျွန်မဆီကို အမ်ပီတီနဲ့ နံပါတ်တူတဲ့ အူရီဒူးဆင်းကတ် ယူမလားဆိုပြီး ခဏခဏ ဖုန်းလာဆက်တယ်။
စစချင်းတော့ မယူဘူး ဆိုပြီးငြင်းလိုက်တယ်။ နောက်ပိုင်း ခဏခဏ ဖုန်းဆက်လာတော့ ယူမယ်ဆိုပြီး
ပြောလိုက်တယ်။ ဆင်းကတ် လာထုတ်ရမယ့် ဖုန်းဆိုင်ကို ပြောတယ်၊ အဲဒီဆိုင်မှာ ဆင်းကတ်ကို
မှတ်ပုံတင်နဲ့အတူ ကျပ် တစ်သောင်းခွဲနဲ့ ၀ယ်ခဲ့ရတယ်"ဟု ၎င်းက ပြောသည်။
အမ်ပီတီနှင့် နံပါတ်တူ ဆင်းကတ်များကို ဖုန်းဖြင့် ဆက်သွယ်ရောင်းချခြင်းသည်
သာမာန်ဆင်းကတ်များကို ဈေးတင် ရောင်းချခြင်းဖြစ်နိုင်ကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူ ဦးထွန်းမင်းစိုးက
ပြောသည်။
"ကျွန်တော် ထင်တာကတော့ ဖုန်းဆိုင်တွေက တယ်လီနော (သို့) အူရီဒူးဆင်းကတ်တွေ
ရောင်းနေတယ် ဆိုပါစို့။ အဲဒီ ဆင်းကတ်တွေမှာ ပါတဲ့ တယ်လီနောဆို ရ၉ နဲ့စမယ်၊ အူရီဒူးဆို
၉၇ နဲ့စတယ်ဆိုရင် ဒီထိပ်နံပါတ် နှစ်ခုကိုဖယ်ပြီး နောက်မှာ ရှိနေတဲ့ နံပါတ်တွေကို ရမ်းသန်းနှိပ်
ဖုန်း ၀င်သွားရင် အမ်ပီတီနဲ့တူတဲ့ နံပါတ်ထွက် နေပါတယ်ဆိုပြီး ဈေးတင်ရောင်းတဲ့ ပုံဖြစ်နိုင်ပါတယ်။
တစ်ဖက်လှည့်နဲ့ ၁၅၀၀ တန် ဆင်းကတ်ကို ဈေးတင်ရောင်းတဲ့ ပုံစံဆိုလို့ ရတယ်"ဟု
၎င်းက ပြောသည်။

















