ဆက်သွယ်ရေးကွန်ရက်က ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေသော
Doctor on Call ကုမ္ပဏီသည် ကျန်းမာရေးကဏ္ဍအတွက် အသုံးဝင်မည့် မိုဘိုင်းအက်ပလီ
ကေးရှင်းကို မေ ၂၅ ရက်က စမ်းချောင်းမြို့ရှိ Blue Ocean Operating Management
ကုမ္ပဏီတွင် မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ Doctor on Call ကုမ္ပဏီကို ပြည်တွင်းရှိ Blue Ocean Operating Management
ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံအခြေစိုက် Medical Second Opinion ကုမ္ပဏီတို့ပူးပေါင်း
တည်ထောင်ထားခြင်းဖြစ်သည်။ အဆိုပါမိုဘိုင်းအက်ပလီကေးရှင်းကို မြန်မာဘာသာဖြင့်
အသုံးပြုနိုင်အောင် ဖန်တီးထားပြီး အန်းဒရွိုက်စနစ်သုံး မိုဘိုင်းဖုန်းများတွင်သာ အသုံးပြုနိုင်
မည်ဖြစ်သည်။
''အက်ပလီကေးရှင်းမှာ သုံးထားတဲ့ မြန်မာစာစနစ်က ဇော်ဂျီကိုပဲသုံးထားပါတယ်။
လောလောဆယ်တော့ အန်းဒရွိုက်ဖုန်းတွေမှာပဲ သုံးလို့ရမှာပါ'' ဟု Doctor on Call
ကုမ္ပဏီ၏ အကြီးတန်းစီမံခန့်ခွဲရေး မန်နေဂျာ ဒေါက်တာဝေငြိမ်းက ပြောသည်။
အဆိုပါအက်ပလီကေးရှင်းတွင် သုံးစွဲသူ၏ ကျန်းမာရေးမှတ်တမ်းကို Electornic Medical
Record ဖြင့် မှတ်တမ်းတင်နိုင်ခြင်း၊ တစ်ဦးချင်းစီအလိုက် လိုအပ်သည့် ကျန်းမာရေး
စောင့်ရှောက်မှုများကို စာတို (မက်ဆေ့ချ်) ပို့ပေးခြင်း၊ ဆရာဝန်နှင့်ဆေးရုံ၊ ဆေးခန်းများကို
အလွယ်တကူရှာဖွေနိုင်ခြင်း၊ ကျန်းမာရေးဗဟုသုတစာပေများ ဖြန့်ဝေပေးခြင်းအပြင်
အရေးပေါ်အခြေအနေအကူအညီများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။
ကျေးလက်နေ ပြည်သူလူထုများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေး
ဝန်ဆောင်မှုများကို မြို့ပေါ်နေ ပြည်သူများနှင့်တစ်ပြေးညီ အချိန်မရွေး ပေးနိုင်ရန်၊
ဝေးလံခေါင်ဖျားပြီး ဆရာဝန်များ မရောက်ရှိသောနေရာများတွင် မိုဘိုင်းဖုန်းဖြင့်ချိတ်ဆက်ပြီး
ကျွမ်းကျင်သောဆရာဝန်များဖြင့် ဆွေးနွေးနိုင်ခြင်းဖြင့် ထိရောက်သောကုသမှုများရရှိရန်
ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်သည်။

















