၁,၈ဝဝ မဂ္ဂါဟတ်ဇ် သုံးခွင့်နှင့်အတူ 4G ကွန်ရက်များ တိုးချဲ့မည်

၁,၈ဝဝ မဂ္ဂါဟတ်ဇ် သုံးခွင့်နှင့်အတူ 4G ကွန်ရက်များ တိုးချဲ့မည်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁,၈ဝဝ မဂ္ဂါဟတ်ဇ် လှိုင်းနှုန်းစဉ်ကို စတင်အသုံးပြု
ခွင့်ပြုခဲ့ပြီးနောက် 4G ကွန်ရက်တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာ
များက ဆိုသည်။

ပြည်တွင်း၌ ဝန်ဆောင်မှုပေးနေသော မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့်
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)၊ တယ်လီနောမြန်မာနှင့် အူရီဒူးမြန်မာ
တို့ကို လှိုင်းနှုန်းစဉ် ၁,၈ဝဝ မဂ္ဂါဟတ်ဇ်အတွင်းရှိ (2 x 10 MHz) အသုံးပြုခွင့်အဖြစ် ၁၂ နှစ်
သက်တမ်းရှိသော လှိုင်းနှုန်းစဉ်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာနက မေ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လှိုင်းနှုန်းစဉ်အသုံးပြုခအဖြစ် အမေရိကန်ဒေါ်လာ သန်း ၈ဝ ကို မိုဘိုင်းအော်ပရေတာ
များက ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာနမှ သတ်မှတ်ထားသော 1800 MHz (1.8GHz) လှိုင်းနှုန်းစဉ် အသုံးပြုခွင့်နှင့်
အတူ 4G/LTE ကွန်ရက်ကို လျင်မြန်စွာ စတင်ဖြန့်ကြက်မည်ဖြစ်ရာ မိုဘိုင်းဒေတာမြန်နှုန်း
ကို ကနဦးတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး၊
အခြားမြို့များတွင် မကြာမီအသုံးပြုနိုင်တော့မည်ဟု အမ်ပီတီက မေ ၂၉ ရက်တွင် သတင်း
ထုတ်ပြန်ထားသည်။

အမ်ပီတီ 2G/3G ဆင်းကတ်အဟောင်း အသုံးပြုသူများသည် မူရင်းဖုန်းနံပါတ်နှင့်အတူတူ
ဖြစ်သည့် 4G ဆင်းကတ်များကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များရှိ အမ်ပီတီ
အမှတ်တံဆိပ်ဆိုင်များတွင် အခမဲ့လဲလှယ်နိုင်မည်ဖြစ်ပြီး အသုံးပြုရန်အတွက် ဖုန်း Setting 
တွင် 4G /LTE ကွန်ရက်အသုံးပြုနိုင်မှုကို ရွေးချယ်ထားရန် လိုအပ်သည်။

ယခင် အသုံးပြုခွင့်ရရှိထားသော လှိုင်းနှုန်းစဉ် ၂,၁ဝဝ မဂ္ဂါဟတ်ဇ်နှင့် ၉ဝဝ မဂ္ဂါဟတ်ဇ်ကို
အသုံးပြုကာ 4G ကွန်ရက်ကို မြို့ကြီး ၁၉ မြို့တွင် ဝန်ဆောင်မှုပေးခဲ့သော တယ်လီနော
မြန်မာသည်လည်း ၁,၈ဝဝ မဂ္ဂါဟတ်ဇ် အသုံးပြုခွင့်ရရှိသည့်အတွက် 4G ကွန်ရက်ကို
တိုးချဲ့ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၊ အမှုဆောင်အရာရှိချုပ်
မစ္စတာလားစ်အဲရစ်တဲလ်မန်းက ပြောသည်။

''တယ်လီနောအနေနဲ့ ကွန်ရက်အတွင်း လှိုင်းနှုန်းစဉ် ၁,၈ဝဝ မဂ္ဂါဟတ်ဇ်ကနေ 4G/LTE ကို
ပေးအပ်နိုင်အောင် ဆောင်ရွက်နေပြီး မကြာခင်မှာ အရေအတွက် ပိုမိုများပြားတဲ့ မြို့ကြီး
တွေနဲ့မြို့တွေမှာ ဒီဝန်ဆောင်မှုကို ပေးအပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု မစ္စတာ
လားစ်အဲရစ်တဲလ်မန်းက ပြောသည်။

အူရီဒူးမြန်မာသည်လည်း ၂ဝ၁၆ ခုနှစ် မေလမှစတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်
တော်တွင် 4G ကွန်ရက်ကို စတင်မိတ်ဆက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလတွင် မကွေးတိုင်း
ဒေသကြီးသို့ တိုးချဲ့ဝန်ဆောင်မှုပေးခဲ့သည်။

အဆိုပါ LTE ဆိုသည်မှာ Long Term Evolution ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပြီး
3G ထက်ပိုမိုမြန်ဆန်သည့် ဒေတာမြန်နှုန်းရှိသော 4G / LTE  အမျိုးအစားဖြစ်ရာ ဒေတာ
များကို လျင်မြန်စွာအသုံးပြုနိုင်မည်ဖြစ်သောကြောင့် ဒေတာများကိုအချိန်တစ်ခဏအတွင်း
ဒေါင်းလုတ်ဆွဲနိုင်ခြင်း၊ ဂိမ်းများကိုလည်း အဆင်ပြေပြေ ဆော့ကစားနိုင်မည့် အတွေ့
အကြံုများ၊ HD ဗီဒီယိုများကို လျင်မြန်စွာမျှဝေနိုင်ပြီး အွန်လိုင်းအချက်အလက်များကို
ပိုမိုမြန်ဆန်စွာ မြန်နှုန်းနှင့်အတူ အသုံးပြုနိုင်တော့မည်ဖြစ်သည်။

''4G နည်းပညာက ဒေတာတွေကို အချိန်တစ်ခဏအတွင်းမှာ ဒေါင်းလုတ်ဆွဲနိုင်မယ်၊
ဂိမ်းတွေကို တကယ့်ကို အဆင်ပြေပြေကစားနိုင်မယ့် အတွေ့အကြံုတွေ၊ HD ဗီဒီယိုကို
မြန်မြန်ဆန်ဆန်မျှဝေနိုင်ပြီး အွန်လိုင်းက အချက်အလက်တွေကို ပိုမိုမြန်ဆန်အောင်
အသုံးပြုနိုင်တော့မှာပါ။ နောက်ပြီး ကျွန်တော်တို့ရဲ ့ Colourful Data Pack အစီအစဉ်နဲ့
ပုံမှန်သုံးဒေတာနဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေမှာ သတ်မှတ်ထားတဲ့ နဂိုစျေးနှုန်းအတိုင်းပဲ
4G / LTE ကို အသုံးပြုနိုင်မှာပါ''ဟု MPT - KSGM အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု၊
အမှုဆောင်အရာရှိချုပ်၊ မစ္စတာ တိုရှိတခဲအာမမိရက ပြောသည်။

လက်ရှိ အမ်ပီတီသည် သုံးစွဲသူ ၂၅ သန်းကျော် ပိုင်ဆိုင်ထားပြီး တယ်လီနောမြန်မာ
သည် သုံးစွဲသူ ၁၉ သန်းခန့်နှင့် အူရီဒူးမြန်မာက သုံးစွဲသူ ကိုးသန်း ပိုင်ဆိုင်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်