Free to Play
အမျိုးအစား - Simulation, Card-RPG
ထုတ်လုပ်သူ - Bandai Namco
ပလက်ဖောင်း - Android, iOS
ပိုကီမွန် အခြေခံဂိမ်းတွေအောင်မြင်မှုရလာတဲ့အခါ ဂျပန်အခြေစိုက်ဂိမ်းနဲ့ရုပ်ရှင်စီးရီးတစ်ခု
ဖြစ်တဲ့ Digimon ကလည်း အားကျမခံမိုဘိုင်းပလက်ဖောင်းပေါ်လိုက်လာပါတယ်။
Digimon ဆိုတာကတော့ ဒစ်ဂျစ်တယ်မွန်းစတားလေးတွေဆိုတဲ့ အဓိပ္ပာယ်ပါ။
အများစုက Digimon ဟာ ပိုကီမွန်ကို တုပလာတယ်လို့ ထင်ကြပေမဲ့ Digimon ရဲ့အစ
ကတော့ ၁၉၉ဝ ပြည့်နှစ်တွေမှာ ခေတ်စားခဲ့တဲ့ Tamagotchi ခေါ် virtual အိမ်မွေး
တိရစ္ဆာန်စက်လေးတွေကနေ စတာပါ။ Digimon ဂိမ်းတွေဟာလည်း၁၉၉၈ ခုနှစ်
ကတည်းကထွက်ရှိခဲ့သလို အန်နီမေးရှင်း ရုပ်သံစီးရီးနဲ့ ရုပ်ပြကာတွန်းစာအုပ်တွေလည်း
အများကြီးထွက်ထားတာပါ။
သူ့ကိုယ်ပိုင်ပရိသတ်လည်း မနည်းလှတဲ့ Digimon စီးရီးဟာ ယနေ့တိုင်ဂိမ်းစက်
ပလက်ဖောင်းမျိုးစုံမှာ ထွက်ရှိနေဆဲဖြစ်ပြီး ယခုအခါမှာတော့ Digimon Heroes အမည်နဲ့
မိုဘိုင်းစျေးကွက်ကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် ကစားနိုင်တဲ့
Digimon Heroes ဟာ နင်တန်းဒိုးလက်ကိုင်ဂိမ်းစက်ဆန်ဆန် အသုံးပြုထားတဲ့
Card RPG တစ်ခုပါ။
ကစားသူဟာ ကိုယ်ပိုင် Digimon အသင်းတစ်ခုကိုဦးဆောင်ပြီး နယ်မြေတွေကိုရှင်းလင်း
တိုက်ခိုက်သွားရမှာဖြစ်ပါတယ်။ တိုက်ခိုက်တဲ့ပုံကတော့ မူရင်းဂိမ်းအတိုင်းမဟုတ်ဘဲ
random energy card ၁ဝ ခု အနက်က မျိုးတူရာ သုံးကတ်ဆီဆွဲပြီး ရန်သူကိုတိုက်ရမှာပါ။
မူရင်းဂိမ်းပရိသတ်တွေအတွက်တော့ စိတ်တိုင်းမကျစရာဖြစ်လာနိုင်ပါတယ်။
ရန်သူတွေကိုအနိုင်ရရင် Digimon Egg တွေနဲ့ ငွေကြေးတွေ၊ Item တွေရရှိလာပြီး
ကိုယ့်ရဲ့အကောင်တွေကို ပိုသန်မာလာအောင် upgrade လုပ်၊ ပိုပြီးသန်စွမ်းတဲ့
Digimon ဖြစ်အောင်အဆင့်ဆင့် Digivolve လုပ်ရမှာပါ။ ဒီလိုနဲ့ ပြိုင်ဘက်ကင်းအသင်း
တစ်ခုကိုဖန်တီးပြီး Digital World of File ကျွန်းစုကို ရှင်းလင်းအနိုင်သွားရမှာပါ။
သူ့ရဲ့အားသာချက်တစ်ခုကတော့ အမာခံပရိသတ်တွေကို ဆွဲဆောင်ဖို့မတူညီတဲ့
Digimon အမျိုးအစား၁,ဝဝဝ ကျော် ထည့်သွင်းထားတာပါပဲ။ တရားဝင်အက်ပလီကေးရှင်း
ဖြစ်တဲ့အတွက်လည်း ရာသီအလိုက် Event တွေနဲ့ မာလ်တီပလေယာကစားဖို့ အားပေးမှု
တွေပါဝင်တယ်။
ဒီဂိမ်းကိုကစားဖို့ အင်တာနက်ကော်နက်ရှင် လိုအပ်ပါတယ်။ Digimon ပရိသတ်တွေ
အတွက် တရားမဝင် ထွက်ရှိထားတဲ့ Digital World ဂိမ်းလောက် မူရင်းကစားပုံနဲ့
မတူညီပေမဲ့ တရားဝင်ထုတ်လုပ်ထားတဲ့app ဖြစ်ပါတယ်။
ထွက်ရှိထားတဲ့ ပိုကီမွန်ဂိမ်းတွေနဲ့တူညီမှာ မဟုတ်ပေမဲ့ သူ့ပရိသတ်နဲ့သူရှိတဲ့
Digimon ဂိမ်းစီးရီးအတွက် သိပ်မဆိုးလှတဲ့ မိုဘိုင်းပွဲဦးထွက်ဂိမ်းတစ်ခုပါ။

















