ဝိုင်ဘီအက်စ်ခေါ် ရန်ကုန်မြို့တွင်း လိုင်းကားသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု စတင်ပြီး
ရက်ပိုင်းအတွင်း ပြည်သူများ၏ အခက်အခဲကို တိုင်တန်းရန် ပြည်တွင်းနည်းပညာစတူဒီယို
တစ်ခုဖြစ်သော Pyin Pay Par မှ Yangon Bus Report အမည်ရမိုဘိုင်းအက်ပလီကေးရှင်း
ကို ထုတ်လုပ်ပေးခဲ့သည်။
ဝိုင်ဘီအက်စ် စတင်ပြီးနောက်တစ်နေ့တွင် ထွက်ရှိခဲ့သော အဆိုပါအက်ပလီကေးရှင်းတွင်
ဘတ်စ်ကားများ စည်းကမ်းမလိုက်နာခြင်း၊ ယာဉ်စီးခပိုကောက်ခံခြင်း၊ ကားပြိုင်မောင်းနှင်
ခြင်းနှင့် ခရီးသည်များကို ရိုင်းစိုင်းစွာဆက်ဆံခြင်းတို့ကို ဘတ်စ်ကားလိုင်းနံပါတ်အလိုက်
လွယ်ကူစွာ တိုင်ကြားလိုသည့်ခေါင်းစဉ်ကို အချက်အလက်နှင့်တကွ တိုင်ကြားနိုင်စေရန်
ဖန်တီးထားခြင်းဖြစ်သည်။ ယနေ့အချိန်ထိ တိုင်ကြားမှု ၃,ဝဝဝ ကျော်ရရှိခဲ့ပြီး တာဝန်ရှိသူ
များထံသို့ နေ့စဉ်စုစည်းပေးပို့ခဲ့သည့်အနက် ၁,ဝဝဝ ခန့်ကိုသာ အရေးယူနိုင်ခဲ့သေးသည်ဟု
Yangon Bus Report ရေးဆွဲသူများက ပြောခဲ့သည်။
နည်းပညာဖြင့် တိုင်ကြားမှုများကို အရေးယူဆောင်ရွက်ပေးသည့် ကားလိုင်းများရှိသလို
လုံးဝနီးပါး လျစ်လျူရှုထားသည့် ကားလိုင်းများလည်း ရှိသေးသောကြောင့် Yangon Bus
Report ကို အတိုင်းအတာတစ်ခုထိ ခရီးပေါက်သည်ဟု သတ်မှတ်နိုင်သော်လည်း အားရ
ကျေနပ်မှုမရှိသေးကြောင်း Pyin Pay Par အဖွဲ့မှ ဦးစိုးသီဟနောင်က ဆိုသည်။
ထို့ပြင် ပြောင်းလဲစက စေတနာ့ဝန်ထမ်းလုပ်အားပေးလိုသည့် နည်းပညာအဖွဲ့အစည်း
များကို အချက်အလက်များမျှဝေပေးခဲ့သော်လည်း ထပ်တိုးကားလိုင်းများ၊ ခရီးလမ်းကြောင်း
ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အချက်အလက်အသစ်များကို ဝေမျှခြင်းလည်း
အားနည်းနေသည်ဟု ဆိုသည်။
မိမိမိုဘိုင်းဖုန်းပေါ်မှ ပြစ်မှုကျူးလွန်သူ၊ ရမ်းကားသူ ကားများကို ကားနံပါတ်၊ အချိန်နှင့်
ကျူးလွန်ပုံတို့ကို အလွယ်တကူ တိုင်ကြားနိုင်သော အဆိုပါအက်ပလီကေးရှင်းမှာ
Android, iOS မိုဘိုင်းပလက်ဖောင်းများတွင် အခမဲ့ရယူသုံးစွဲနိုင်သည်။ မကြာခင်
ခရီးသွားပြည်သူများအတွက် ပူးပေါင်းဆန္ဒပြုနိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ်သို့
မြှင့်တင်ဦးမည်ဟု ကြေညာထားသည်။
















