အွန်လိုင်းရေစီးကြောင်းနှင့် မူပိုင်ခွင့်ချိုးဖောက်ခြင်း

အွန်လိုင်းရေစီးကြောင်းနှင့် မူပိုင်ခွင့်ချိုးဖောက်ခြင်း

ရုပ်ရှင်နဲ့ ဂီတတို့လို ဖျော်ဖြေရေး ထုတ်ကုန်တွေဟာ လူသားတွေ ရှိနေသရွေ့ သေဆုံးသွားမယ့်
အရာတွေ မဟုတ်ပါဘူး။

ဒါပေမဲ့ သူတို့ရဲ့ အဓိက ဈေးကွက်ကတော့ ခေတ်အလိုက် ပြောင်းလဲလာမှာဖြစ်ပါတယ်။

ဟိုယခင်က ရုပ်ရှင်ကြည့်ချင်ရင် ရုပ်ရှင်ရုံ ကိုပဲ အားကိုးခဲ့ရပေမဲ့ နောက်ပိုင်းမှာ ရုပ်သံစက်တွေ၊
အောက်စက်ခေါ် တိတ်ခွေ ဖတ်စက်တွေ၊ ဗီစီဒီ၊ ဒီဗီဒီနဲ့ ဘလူးရေးစက်တွေ ပေါ်လာခဲ့တယ်။

ယနေ့အချိန်မှာတော့ အရုပ်တွေ၊ အသံတွေ၊ သတင်းအချက် အလက်တွေဟာ အွန်လိုင်း၊ သို့မဟုတ်
အင်တာနက်ကတစ်ဆင့် အရွယ်အစား သေးငယ်တဲ့ မိုဘိုင်းဖုန်းတွေ၊ လက်ပ်တော့
မျက်နှာမျက်နှာပြင်ကို ဖြတ်သန်း ရောက်ရှိလာပြီး၊ နေ့စဉ်ဘဝထဲကို ရှုချင်စရာအဖြာဖြာ ပေးပို့လာပါပြီ။

အွန်လိုင်းကနေ အခကြေးငွေယူပြီး လိုင်စင်ရ တရားဝင်ဇာတ်ကားတွေကို ပြန်လည်ပြသတဲ့
Streaming ၀န်ဆောင်မှုတွေ ပေါ်လာသော်လည်း ဇာတ်ကားစုံကို အွန်လိုင်းကနေ အခမဲ့ တရားမဝင်
တိုက်ရိုက်ကြည့်ရှုခြင်း၊ Download ဆွဲယူကြည့်ရှုခြင်းသာမက ဆိုရှယ်ဝက်ဘ်ဆိုက်တွေပေါ်မှာပါ
ဗီဒီယိုဖိုင်အတိုင်းတင်ကာ (Upload) တွေက အင်တာနက် အသုံးပြုသူတွေနဲ့ အသားကျလို့နေပါပြီ။

သီချင်း၊ ရုပ်ရှင်၊ စာအုပ်စတဲ့ ထုတ်ကုန်ပစ္စည်းတွေကို အွန်လိုင်းပေါ်မှာ အခမဲ့ ဖြန့်ဖြူးပစ်တာဟာ
လက်ခံရရှိတဲ့သူတွေအတွက် အဆင်ပြေပေမဲ့ မူရင်း ထုတ်လုပ်သူတွေကတော့ ဘာအကျိုးအမြတ်မှ
ပြန်လည်မရရှိပါဘူး။

အလွန်ဆုံး ဖြစ်နိုင်တဲ့ ကောင်းကျိုးက မိမိရဲ့ထုတ်ကုန်ကို လူသိများစေတာပါပဲ။ စီးပွားရေးအကျိုးအမြတ်
အရတော့ အင်မတန်ကြီးမားတဲ့ နစ်နာဆုံးရှုံးမှု တစ်ခုဖြစ်ပါတယ်။

ယခင်က ခိုးကူးလို့ခေါ်တဲ့ အရာဟာ လမ်းဘေးက လက်တွန်းလှည်းနဲ့ လိုက်ရောင်းတဲ့
ဗီဒီစီခွေသည်တွေဆီကနေ စတင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်နှောင်းပိုင်း ရောက်တဲ့ထိ သက်ဆိုင်ရာ ထုတ်လုပ်သူတွေက တာဝန်ရှိသူတွေနဲ့
ပူးပေါင်းနှိမ်နင်းဖို့ ကြိုးစားခဲ့ပေမဲ့ အချိန်တန်ရင်တော့ လမ်းမပေါ် ပြန်ရောက်လာမြဲပါပဲ။

လက်ရှိ အချိန်မှာတော့ နည်းပညာရဲ့ အားသာချက်ကို ရယူပြီး ခိုးကူးတဲ့အလေ့အထဟာ အွန်လိုင်းပေါ်
ရောက်ရှိလာခဲ့ပါပြီ။

သိပ်မကျွမ်းကျင်သေးတဲ့ အသုံးပြုသူတွေက ပြည်တွင်းမှဝါသနာရှင်တွေ မိမိဘာသာ မြန်မာစာတန်းထိုး
ပေးထားတဲ့ နိုင်ငံခြားကားတွေကို ဖေ့စ်ဘွတ်ခ် စာမျက်နှာ (Facebook) ကနေ အလွယ်တကူ
ရယူကြည့်ရှုနိုင်သလို မြန်မာဗီဒီယို တစ်ကားလုံး၊ သို့မဟုတ် တချို့ဇာတ်ဝင်ခန်းတွေကို မိမိကိုယ်ပိုင်
ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်လာကြတာတွေ ရှိပါတယ်။

ဖေ့စ်ဘွတ်ခ်က မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်ပလက်ဖောင်းဖြစ်တာနဲ့ အညီ အလွယ်တကူ
ကြည့်ရှုနိုင်အောင် အကန့်အသတ်မရှိ၊ စည်းစနစ်မရှိ တင်လာကြခြင်းရဲ့ ရည်ရွယ်ချက်ကတော့
Like များများရရှိဖို့ပါပဲ။

ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ် ဇာတ်ညွှန်းရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ကိုဆူးခက်မင်းကတော့
"မူပိုင်ခွင့် ဥပဒေမရှိသေးသရွေ့၊ မူပိုင်ခွင့်ကို တန်ဖိုးမထားတတ်သေးသရွေ့၊ အနုပညာ ဖန်တီးမှုအပေါ်
တန်ဖိုးမထားတတ်သေးသရွေ့ကတော့ ငါ့အနုပညာထုတ်ကုန်လေး လူအများကြားထဲ
ရောက်သွားတာပေါ့လေလို့ လှည့်တွေးပေးရုံအပြင် ဘာမှမတတ်နိုင်ဘူး" လို့ ဆိုပါတယ်။

ပြည်တွင်းထုတ်လုပ်သူတွေအနေနဲ့ ဆိုရှယ်ဆိုက်သုံးစွဲသူ သန်းပေါင်းများစွာထဲမှာ ကိုယ့်ရဲ့
ထုတ်ကုန်ကို အလွဲသုံးစားလုပ်နေတယ်လို့ သိဖို့ အင်မတန် ခဲယဉ်းပါတယ်။ တွေ့ရှိသည့်တိုင်အောင်
ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေကို မိမိကိုယ်ပိုင်ထုတ်ကုန်ဖြစ်ကြောင်း စနစ်တကျ အကြောင်းကြားပြီးမှ
တားဆီးလို့ ဖျက်သိမ်းလို့ရမှာပါ။

တကယ်တော့ မိမိအကျိုးစီးပွားအတွက် တခြားသူတွေရဲ့ ဉာဏထုတ်ကုန်တွေကို ပွားယူပြီး
မိမိသဘောနဲ့ ရောင်းချတဲ့ ခိုးကူးခွေတွေနဲ့စာရင်တော့ အင်တာနက်ပေါ်က ဝေမျှခြင်းဟာ
အပြစ်နည်းသလို ထင်ရပါတယ်။

ဒါပေမဲ့လည်း တချို့ကတော့ အဆိုပါ ထုတ်ကုန်တွေကို ကွန်ပျူတာထဲမှာ ဒေတာအနေနဲ့
သိမ်းဆည်းထားပြီး အခကြေးငွေနဲ့ တစ်ဆင့်ပြန်ရောင်းတာမျိုး လုပ်လာတာတွေ ရှိပါတယ်။

ခိုးကူးခြင်းကို Theft လို့ သုံးနှုန်းပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဝေတာကို Piracy လို့ သုံးပါတယ်။
ပင်လယ်ဓားပြတွေက ကိုယ်ပိုင်တဲ့ ပစ္စည်းကိုလုယူပြီး သူတို့ပစ္စည်း လုပ်လိုက်သလိုပါ။

ဒါပေမဲ့ အွန်လိုင်းမှာ ၀ါသနာတူချင်း မိမိဘာသာစကားနဲ့ စာတမ်းထိုးပြီး ဝေမျှတာမျိုးကိုတော့
Freebooting လို့ သုံးစွဲပါတယ်။

စီးပွားရေးသုံးမဟုတ်တဲ့ အွန်လိုင်းမှာ အခမဲ့ဝေမျှရယူခြင်းကို တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံတွေလည်း
ရှိပါတယ်။

ကနေဒါနိုင်ငံ၊ ဥရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နဲ့ နယ်သာလန်တို့ဟာ စီးပွားရေးအတွက်
ပြန်မသုံးဘူးဆိုရင် တစ်ကိုယ်စာ download ဆွဲယူကြည့်ရှုသုံးစွဲခွင့် တရားဝင်ခွင့်ပြုပေးထားပါတယ်။

ဆွီဒင်နိုင်ငံမှာတော့ ၂၀၀၉ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်ကတစ်ကြိမ် အွန်လိုင်းပေါ်မှာ
အနုပစ္စည်းထုတ်ကုန် (Soft copy) တွေဝေမျှနေတဲ့ The Pirate Bay အထင်ကရ ဆာဗာကြီးကို
၀င်ရောက်စီးနင်းပြီး ဆာဗာတွေပိတ်ပစ်၊ ပါ၀င်သူတွေကို ထောင်ဒဏ်နဲ့ အရေးယူခဲ့ပါတယ်။

ရုပ်ရှင်နဲ့ဂီတလုပ်ငန်းတွေဟာ မူပိုင်ခွင့်ချိုးဖောက်ခြင်း (ဏငမခေပ) အန္တရာယ်ကို မျက်မြင်
အခံစားရဆုံးဖြစ်ပြီး ငွေကြေး အနေနဲ့ဆိုရင်တော့ အိုင်တီဆော့ဖ်ဝဲတွေက အနစ်နာဆုံးပါ။

ဂီတလုပ်ငန်းအတွက် အင်တာနက်ပင်လယ်ဓားပြ တွေကြောင့် ဆုံးရှုံးမှုက ရေတွက်ဖို့
မဖြစ်နိုင်သလောက်ရှိပြီး ရုပ်ရှင်လုပ်ငန်းအတွက် ထိခိုက်မှုကတော့ အမေရိကန်နိုင်ငံက
ဟောလိ၀ုဒ်ကုမ္ပဏီတွေဟာ တစ်နှစ်ကို ပျမ်းမျှ ဒေါ်လာ ၂၀ ဘီလျံခန့် နစ်နာနေတယ်လို့
နိုင်ငံတကာစစ်တမ်းတွေက ဆိုပါတယ်။

အနုပညာရှင်အသစ်တွေကတော့ သူတို့ရဲ့သီချင်းတွေကို အွန်လိုင်းမှာ လူသိများအောင်
ကြေညာတဲ့အနေနဲ့ ဝေမျှပေးလေ့ရှိပါတယ်။

လူသိများပြီးသား အဆိုတော်တွေထဲမှာတော့ ဒီဇင်ဘာညသီချင်းနဲ့ လူသိများတဲ့ ကိုလင်းနစ်ဟာ
သူ့ရဲ့သီချင်းတွေကို ဖေ့စ်ဘွတ်ခ်မှာ တရားဝင် မျှဝေလေ့ရှိပါတယ်။

"ကျွန်တော်မပေးလည်း တခြားက ယူနေကြတာပဲဆိုတော့ မထူးဘူးဆိုပြီး တင်ပေးလိုက်တာပါ။
တကယ် ၀ယ်တဲ့ သူတွေကတော့ ရအောင်ကြိုးစားဝယ်ပြီး အားပေးကြပါတယ်" လို့ ကိုလင်းနစ်က
ဆိုပါတယ်။

နောက်ပြီး ၀ယ်လို့ မလွယ်လို့ ဒီလိုအွန်လိုင်းကနေ ယူနေကြတာလို့လည်း အကောင်းမြင်သဘော
သူက ဆိုပါတယ်။

အွန်လိုင်းကနေ ရောင်းချပေမဲ့လည်း ငွေပေးချေမှုစနစ်နဲ့ အများစုက အသားမကျသေးဘူးလို့
ကိုလင်းနစ်က ပြောပါတယ်။

ယခုအခါ သီချင်းတွေကို ဖုန်းဘေလ် ဖြည့်သလို ခဲခြစ်ကတ်လေးတွေနဲ့ ၀ယ်ယူနိုင်မယ့်စနစ်တစ်ခုကို
မြန်မာမြူးဇစ်နက် (MMusicNet) က ကြိုးစားနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အလွယ်တကူဝယ်ယူ နိုင်တဲ့နေရာမျိုးမှာ နေထိုင်ပေမဲ့လည်း ရုပ်ရှင်၊ ဂီတ၊ စာအုပ်
စတဲ့ထုတ်ကုန်တွေကို အကုန်လုံးနီးပါး အွန်လိုင်းကပဲ အခမဲ့ရယူ သုံးစွဲနေရင်တော့ ပင်ပင်ပန်းပန်း
ငွေ စိုက်ထုတ်၊ လုပ်အားစိုက်ထုတ် လုပ်ကိုင်ထားရတဲ့ ပိုင်ရှင်တွေအတွက် နစ်နာစေပါတယ်။

နိုင်ငံခြားရုပ်ရှင်တွေမှာ မြန်မာနိုင်ငံထဲကို တိုက်ရိုက်ဝင်ရောက်ဖို့နည်းလမ်းမရှိတဲ့ ဇာတ်ကားမျိုးတွေ၊
သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ရုပ်ရှင်ကားကောင်းတွေကို Freebooting အနေနဲ့ ပြန်လည်ဝေမျှတာက
အဆိပ်အတောက်မရှိပေမဲ့ အခုမှရုံတင်မယ့် ကားမျိုးတွေ ပျံ့နှံ့တာကတော့ ထိခိုက်နစ်နာမှုတွေ
ဖြစ်စေပါတယ်။

ဒီပြဿနာဟာ တစ်ကမ္ဘာလုံးကြုံတွေ့ နေရတဲ့ အရေးဖြစ်ပါတယ်။ Online Piracy ဟာ ခေါင်းတစ်လုံး
ပြတ်ရင် ခေါင်းနှစ်လုံးထွက်လာတဲ့ ဟိုက်ဒရာ နဂါးကြီးလိုပါပဲ။ သတ်လို့လည်း သေနိုင်မှာ
မဟုတ်ပါဘူး။ အခါခါ နှိမ်နင်းခဲ့ကြပေမဲ့ အချိန်တန်ရင်တော့ နောက်ဆုံးထွက်တဲ့ ရုပ်ရှင်ကားတွေဟာ
ထွက်ပြီး နာရီအနည်းငယ်ကြာတာနဲ့ အွန်လိုင်းပေါ် ရောက်နေ စမြဲပါပဲ။

အင်တာနက်သုံးစွဲသူများပြားလာတာနဲ့အမျှ သက်ဆိုင်ရာ ကဏ္ဍတွေမှာ ထိထိရောက်ရောက်
အသိပညာပေးနိုင်ဖို့ လိုပါတယ်။ သုံးစွဲသူတွေ ကိုယ်တိုင်က အလွယ်ရလို့ သုံးစွဲနေတာမျိုးကို
လျှော့ချပြီး ၀ယ်ယူမယ့်သူတွေရဲ့ လက်ထဲအရောက် ပို့ပေးနိုင်လာတဲ့ အခါကျရင်တော့
Online Piracy ကို စိုးရိမ်ဖို့နည်းပါးလာမှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်