နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အမ်ပီတီ) သည် ရန်ကုန်၊ မန္တလေး၊ မကွေး၊
စစ်ကိုင်းတိုင်းဒေသကြီးများနှင့် ကယားပြည်နယ်ရှိ အချို့အိတ်ချိန်းများကို ဇွန် ၃ဝ ရက်တွင်
ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း အမ်ပီတီက ဇွန် ၈
ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြောင်းလဲတပ်ဆင်မည့်အိတ်ချိန်းများမှာ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မကွေး
အိတ်ချိန်းဖြစ်သော (FETEX-150) နှင့် (DMA-10) အိတ်ချိန်း၊ ရန်ကုန်တိုင်းဒေသကြီး
ရွှေပြည်သာမြို့နယ်တွင် ရွှေပြည်သာအိတ်ချိန်း (S-12) နှင့် (TWD-09) တို့ဖြစ်သည်။
ဇွန် ၃ဝ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံအိတ်ချိန်း (DMS-10)၊
ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်အိတ်ချိန်း (DMS-10)၊ တံတားဦးမြို့နယ်ရှိ တံတားဦး
အပြည်ပြည်ဆိုင်ရာ လေဆိပ်အိတ်ချိန်းနှင့် ညောင်ဦးမြို့နယ်ရှိ ညောင်ဦးအိတ်ချိန်း
(ZXJ-10) တို့တွင်လည်း ခေတ်မီအိတ်ချိန်းစက်များကို ပြောင်းလဲတပ်ဆင်မည်ဖြစ်သည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ကသာအိတ်ချိန်း (SOC-8000)၊ ကယား
ပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်အိတ်ချိန်း (DMS-10) နှင့် (TWD-09) များကိုလည်း
အဆိုပါရက်တွင် ခေတ်မီအိတ်ချိန်းများ ပြောင်းလဲသွားမည်ဖြစ်သည်။
အဆိုပါအိတ်ချိန်းများကို ခေတ်မီစက်များ ပြောင်းလဲတပ်ဆင်လိုက်ခြင်းဖြင့် လက်ရှိအသုံးပြု
နေသော အော်တိုတယ်လီဖုန်းနံပါတ်များသည် ဂဏန်းခုနစ်လုံးပါရှိသော အော်တိုတယ်လီ
ဖုန်းနံပါတ်အသစ်များသို့ ပြောင်းလဲသွားမည်ဖြစ်သည်။ ဥပမာ—လက်ရှိအသုံးပြုနေသော
ဖုန်းနံပါတ် ဝ၆၃—၂၃xxx သည် အော်တိုဖုန်းနံပါတ်အသစ် ဝ၆၃—၂ဝ၂၃xxx သို့
ပြောင်းလဲသွားမည်ဖြစ်သည်။
ထို့သို့ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်း အမ်ပီတီ
ဝန်ဆောင်မှုအသုံးပြုသူများသည် ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward
ဝန်ဆောင်မှုကို ၂ဝ၁၇ စက်တင်ဘာလအကုန်အထိ အခမဲ့ပေးထားမည်ဖြစ်သည်။
















