အသံဖြင့်အမိန့်ပေးနိုင်သော စမတ်စပီကာအသစ် HomePod ကို Apple မိတ်ဆက်

အသံဖြင့်အမိန့်ပေးနိုင်သော စမတ်စပီကာအသစ် HomePod ကို Apple မိတ်ဆက်

၂ဝ၁၇ ခုနှစ်၊ ဇွန် ၅ ရက်မှ ၉ ရက်ထိ ကျင်းပခဲ့တဲ့ Apple ရဲ့နှစ်ပတ်လည် WWDC 2017
 ပြပွဲမှာ အားလုံးရဲ့အာရုံကို ဖမ်းစားခဲ့တာကတော့ ကိုယ်ပိုင်အသိဉာဏ်နဲ့ စမတ်အိမ်ရာ
စနစ်ကို အထောက်အကူပေးမယ့် HomePod ထုတ်ကုန်အသစ်ပဲ ဖြစ်ပါတယ်။

HomePod ဟာ စပီကာတစ်ခုဆိုတာထက်ကျော်လွန်ပြီး လုပ်ဆောင်နိုင်စွမ်းရှိတဲ့ Apple  ရဲ့
အသံနဲ့အမိန့်ပေးစနစ် Siri ကို အထောက်အပံ့ပေးနိုင်မယ့် စမတ်အိမ်ရာသုံး ကိရိယာ
တစ်ခုပါ။ ၄င်းကိုနေရာချထားတဲ့ အိမ်ခန်းရဲ့အနေအထားကိုလိုက်ပြီး ပတ်ပတ်လည် ၃၆ဝ
ဒီဂရီထိ တူညီတဲ့အသံ ထုတ်လုပ်ပေးနိုင်သလို တစ်အိမ်တည်းမှာ HomePod နှစ်ခုကို
တပ်ဆင်ထားရင်လည်း Air Play 2 နည်းပညာနဲ့ အလိုအလျောက် တစ်ခုနဲ့တစ်ခုသိမှတ်
ထားမှာဖြစ်ပါတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်နေရာအကျယ်အဝန်းကိုပါ တွက်ချက်နိုင်ပြီး
အသံကို အလိုအလျောက်ချိန်ညှိပေးမှာပါ။

အရောင်နှစ်မျိုးနဲ့ စျေးကွက်ထဲကို ဒီဇင်ဘာလမှ ရောက်ရှိလာမှာဖြစ်တဲ့ HomePod ဟာ
အိမ်တွင်းဖျော်ဖြေမှု ကဏ္ဍအတွက် စာမျက်နှာသစ်ဖွင့်လှစ်လိုက်တာဖြစ်ပြီး Siri နဲ့
ချိတ်ဆက်ကာ မိုက်ကရိုဖုန်းခြောက်ခုပါတဲ့ array လည်း ပါဝင်ပါတယ်။

Apple ရဲ့ကိုယ်ပိုင်ဒီဇိုင်း A8 ကွန်ပျူတာချစ်ပ်ကို အသုံးပြုထားတဲ့အတွက် အရှုပ်ထွေးဆုံး
အသံဂတ်ဂျက်ကိရိယာရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဆောင်ရွက်နိုင်မှာဖြစ်ကာ သုံးစွဲသူတွေကို
ထိုင်ရာမထဘဲ iTune ထဲကနေ သီချင်းရွေးချယ်တာ၊ အသံထိန်းညှိတာစသဖြင့် အရာ
အားလုံး အလိုအလျောက်လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် သုံးစွဲမယ့်သူက နားထောင်
လိုရာကို အသံနဲ့အမိန့်ပေးပြီး ထိုင်နားထောင်ရုံ အဆင့်ထိကို ရောက်လာနိုင်တဲ့
ထုတ်ကုန်ပါ။

HomePod ရဲ့အပေါ်မျက်နှာပြင်ကတော့ touch တုံ့ပြန်သိမှတ်ပေးတဲ့ မျက်နှာပြင်ဖြစ်ပြီး
ပိတ်တာဖွင့်တာ၊ အသံတိုးကျယ်တာကို ကိုယ့်ဘာသာလုပ်မယ်ဆိုလည်း လုပ်နိုင်မှာဖြစ်ပါ
တယ်။ သူ့ရဲ့အရွယ်အစားကတော့ အမြင့် ၆ ဒသမ ၈ လက်မ၊ အကျယ် ၅ ဒသမ ၆ လက်မ
ဖြစ်ကာ အလေးချိန် ငါးပေါင်ခွဲ (၂ ဒသမ ၅ ကီလို) သာရှိပါတယ်။

WWDC ပွဲတော်မှာ ယခုနှစ်ထဲ ထွက်ရှိလာမယ့် Apple ထုတ်ကုန်တွေဖြစ်တဲ့ ၁ဝ လက်မခွဲ
iPad Pro အသစ်၊ Mac လက်ပ်တော့ကွန်ပျူတာအသစ်၊ iOS 11, tvOS 11 နဲ့ WatchOS
4 OS အသစ်တွေကိုပါ မိတ်ဆက်ခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်