မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံရုံးနှင့် မြန်မာကွန်ပျူတာအသင်းချုပ် (MCF) တို့ပူးပေါင်း၍
အိုင်တီကဏ္ဍ တိုးတက်လာစေရန် ရည်ရွယ်ကာ စွန့်ဦးအိုင်တီလုပ်ငန်းရှင်များအတွက်
Startup Israel 2017 ပြိုင်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထိုပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် မြောက်ကျင်းပခြင်းဖြစ်ရာ ပြိုင်ပွဲ၌ အိုင်တီ
အခြေခံ စွန့်ဦးတီထွင်သူ ကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လူနေမှုအဆင့်အတန်းကို
အထောက်အကူပြု တိုးတက်စေမည့် ဆိုရှယ်အက်ပလီကေးရှင်းများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု
ဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့်သက်ဆိုင်သော ပရောဂျက်များကို ဝင်ရောက်ပြသ
ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
အနိုင်ရသူသည် အစ္စရေးနိုင်ငံတွင် ကျင်းပမည့် DLD Israel 2017 ပြပွဲကြီးသို့တက်ရောက်
ခွင့်ရရှိမည်ဖြစ်သည်။ ဒုတိယဆုမှာ ဒေါ်လာ ၄ဝဝ နှင့် တတိယဆု ဒေါ်လာ ၂ဝဝ တို့
အသီးသီးချီးမြှင့်မည်ဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်လိုသူများမှာ ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်၊ မန်နေဂျင်းဒါရိုက်တာ
သို့မဟုတ် အထွေထွေမန်နေဂျာအဆင့်ရာထူး ရှိရမည်ဖြစ်ပြီး မြန်မာကွန်ပျူတာအသင်း
ချုပ်၏ဝက်ဘ်ဆိုက်တွင် ဝင်ခွင့်ဖောင်ကို ရယူယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အသက် ၂၅ နှစ်မှ
၄ဝ အတွင်းဟု သက်မှတ်ထားသော်လည်း လျှော့ပေါ့စဉ်းစားမည်ဟု ပြိုင်ပွဲကျင်းပရေး
ကော်မတီဥက္ကဋ္ဌ မြန်မာကွန်ပျူတာ အသင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က
ပြောကြားသည်။
ပါဝင်ယှဉ်ပြိုင်မည့်ကုမ္ပဏီများမှာ ကုမ္ပဏီမှတ်ပုံတင်ထားသည့် သက်တမ်းသုံးနှစ်ထက်
မကျော်လွန်ဘဲ အခြားကုမ္ပဏီကြီးတစ်ခု၏ လက်အောက်ခံလည်း မဖြစ်စေရဟု စည်းကမ်း
ချက်တွင် ထပ်မံဖြည့်စွက်ထားသည်။
















