Free to Play
အမျိုးအစား -RPG
ထုတ်လုပ်သူ -Ludia Inc.
ပလက်ဖောင်း - Android, iOS
၁၉၉ဝ ဖွားတွေအနေနဲ့ ထူးခြားတဲ့သွင်ပြင်ရှိတဲ့ mutant လိပ်နင်ဂျာလေးယောက်ကို ရင်းနှီး
ကြမှာပါ။ ၂ဝ၁၆ ခုနှစ်မှာလည်း အသစ်ပြန်လည်ရိုက်ကူးထားတဲ့ Teenage Mutant Ninja
Turtle (TMNT) ဇာတ်ကားသစ်ကို ရုံတင်ခဲ့ကြပါသေးတယ်။
အခုအခါမှာတော့ မူရင်းကောမစ်နဲ့ ရုပ်ရှင်ကားတွေ၊ စီးရီးတွေကိုပေါင်းစပ်ပေးမယ့်
Ninja Turtles : Legends မိုဘိုင်းဂိမ်းကိုLudia Inc ဂိမ်းကုမ္ပဏီမှထုတ်လုပ်ခဲ့ပြီဖြစ်ပါတယ်။
ဒီမိုဘိုင်းဂိမ်းဟာ ပုံမှန်ထွက်နေကြ ရုပ်ရှင်ကားထဲက ဇာတ်ကောင်တွေ၊ ဇာတ်လမ်းတွေကိုပဲ
အခြေခံထားတဲ့ ဂိမ်းမျိုးမဟုတ်ဘဲ စပေါ်ပေါက်ခဲ့တဲ့ ကောမစ်ဇာတ်ကောင်တွေ၊ အန်နီမေး
ရှင်းစီးရီးတွဲ ဇာတ်ကောင်တွေကို အသားပေးထားတာက သူ့ရဲ့ထူးခြားချက်ဖြစ်သလို
လိပ်နင်ဂျာ ပရိသတ်တွေကိုလည်း ဆွဲဆောင်နိုင်မယ့်အချက်ပါ။
ဒီဂိမ်းဟာ CCG RPG ဆန်ဆန်ဆိုပေမဲ့ ကတ်ဂိမ်းအစစ်မဟုတ်ဘဲ DC Legends တို့လိုပုံစံမျိုး
ဖြစ်ပါတယ်။ ကာရိုက်တာတွေကို ကြယ်တစ်ပွင့်ကနေ ငါးပွင့်ထိ အဆင့်သတ်မှတ်ပေးထား
ပြီး ကြယ်ပွင့်များရင် အသုံးပြုနိုင်တဲ့ ability တွေလည်း ပိုလာပါတယ်။
တစ်ယောက်ချင်းစီရဲ့ability တွေက တိုက်ခိုက်ဖို့သက်သက်မဟုတ်ဘဲ ဇာတ်ကောင်ရဲ့
မူရင်းစွမ်းရည်ပေါ်မူတည်ပြီး ကိုယ့်လူတွေကို သွေးဖြည့်ပေးတာ၊ တစ်ဖက်လူတွေကို
attack, speed လျော့ကျစေတာစတဲ့ strategy ကျကျ စွမ်းရည်တွေဖြစ်တဲ့အတွက်
ကွန်ပျူတာ NPC တွေကိုရော၊ မာလ်တီပလေယာမှာပါ အနိုင်ရချင်ရင်တော့ ကိုယ်တိုင်
စိတ်တိုင်းကျ ဖွဲ့စည်းထားတဲ့ လူစာရင်းနဲ့ ဗျူဟာကျကျ တိုက်ခိုက်နိုင်မှ ဖြစ်ပါလိမ့်မယ်။
Turn-based မဟုတ်ဘဲ ကာရိုက်တာတစ်ယောက်စီရဲ့ လျင်မြန်မှုကို အခြေခံထားတဲ့
action bar စနစ် ဖြစ်တဲ့အတွက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းစေပါတယ်။
ဇာတ်ကောင်တွေကို Fighter, Mutant, Science စသဖြင့် ငါးမျိုးခွဲခြားထားပြီး တစ်ခုနဲ့
တစ်ခုက အားသာချက်၊ အားနည်းချက်တွေရှိတယ်။ ဒါပေမဲ့ ပိုကီမွန်ဂိမ်းတွေလောက်တော့
အားသာချက်၊ အားနည်းချက်ကွာဟမှုက မကြီးမားပါဘူး။
ဒီဂိမ်းဟာ ရုပ်ထွက်ပိုင်းရော၊ ထိန်းချုပ်စနစ်ရော၊gameplay ပိုင်းပါကောင်းမွန်သလို ရုပ်ရှင်
ပရိသတ်၊ ကောမစ်ပရိသတ်တွေသာမကဘဲ သာမန်မိုဘိုင်း ကစားသူတွေကိုလည်း
ဆွဲဆောင်နိုင်တဲ့အရည်အချင်းရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့
in-app purchase အားကောင်းလွန်းတာပါ။
ကိုယ်လိုချင်တဲ့ဇာတ်ကောင်တွေကိုရဖို့က ဂိမ်းထဲမှာပါတဲ့ စတိုးမှာ ပြင်ပပိုက်ဆံနဲ့ဝယ်ရမှာ
ဖြစ်ပါတယ်။ ဇာတ်လမ်းသွား story mode နဲ့ event တွေကနေလည်း ရရှိနိုင်ပေမဲ့ မိုဘိုင်း
RPG ဂိမ်းအများစုလို ကာရိုက်တာတစ်ကောင်လုံးပေးတာ မဟုတ်ဘဲ သူတို့ရဲ့ DNA အပိုင်း
လေးတွေကို ပေးတာဖြစ်လို့ သတ်မှတ်ထားတဲ့ DNA ပြည့်မှသာ အကောင်သစ်တစ်ကောင်
ရရှိမှာဖြစ်ပါတယ်။
Ninja Turtles : Legends ဟာ ဂိမ်းထဲက မြင်ကွင်း User Interface နည်းနည်းရှုပ်တယ်
လို့ဆိုနိုင်တယ်။ အကောင်သစ်တွေရဖို့လည်း ခက်ခဲသလို အခန်းငယ် ၁ဝ ခန်းစီပါတဲ့
stage ခုနစ်ခုကလည်း အဆင့်ဆင့်တက်သွားဖို့ တော်တော်ခက်ပါတယ်။ စိတ်ရှည်လက်ရှည်
နေ့တိုင်းရသမျှ DNA ထိုင်ယူ၊ event တွေကနေ ရသလောက်ယူပြီးဆော့မှသာ ပိုက်ဆံ
မကုန်ဘဲ နောက်အဆင့်တွေ တက်နိုင်မှာပါ။
ဒါပေမဲ့ TMNT ပရိသတ်တွေအတွက်တော့ စွဲမက်စရာ ကာရိုက်တာပေါင်း ၅ဝ ကျော်နဲ့
သူတို့ရဲ့ နောက်ခံဇာတ်လမ်းတွေကို သိခွင့်ရမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ရုပ်ထွက်လည်း
ကောင်းမွန်သလို၊ အက်ပလီကေးရှင်းဆိုက်လည်း သိပ်မကြီးတဲ့အတွက် စမ်းဆော့ရတာ
အဆင်ပြေမှာပါ။ အမာခံပရိသတ်တွေအတွက်တော့ မိုဘိုင်းပေါ်မှာ ရုပ်သံစီးရီးကြည့်ရသလို
ပျော်ရွှင်နိုင်မယ့် ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။

















