ပြည်တွင်းဂိမ်းထုတ်လုပ်သူ MyPlay စတူဒီယိုရဲ့ ရှမ်းကိုးမီးကမ္ဘာ မိုဘိုင်းဂိမ်းအတွက်
ဗားရှင်းအသစ် SKM World 3.0 update ထွက်ရှိလာခဲ့ပြီး အရင်နဲ့ကွဲပြားတဲ့
ဂိမ်းကစားနည်းအသစ်တွေနဲ့ အသွင်အပြင်သစ်တွေအပြင် in-game currency
တစ်မျိုးပါ အသစ်ထည့်သွင်းလာပါတယ်။
အဆိုပါကတ်ကစားနည်းဂိမ်းဟာ လစဉ်ကစားသူ သောင်းနဲ့ချီ ဆော့ကစားနေကြတဲ့
ကစားနည်းဖြစ်လို့ in-game currency ကိုလည်း ငွေဖြည့်ကတ်နဲ့ အလွယ်တကူ
ထည့်သွင်းနိုင်အောင် ပြုလုပ်ထားပါတယ်။
ပြည်တွင်းဂိမ်းထုတ်လုပ်သူ ကုမ္ပဏီအဖြစ် ကြာမြင့်စွာရပ်တည်လာခဲ့တဲ့ MyPlay ကို
အရှေ့တောင်အာရှအခြေစိုက် နည်းပညာဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ iSentric က
ပိုင်ဆိုင်ခွင့် လွှဲပြောင်းဝယ်ယူခဲ့ပြီးတဲ့နောက်မှာ ပထမဆုံးထွက်လာတဲ့ သူတို့ရဲ့
မိုဘိုင်းဂိမ်းဆိုင်ရာ အကြီးစားထုတ်လုပ်မှုတစ်ခုလည်း ဖြစ်တယ်။
SKM World 3.0 မှာ ကတ်ကစားနည်းတချို့အတွက် ဒိုင်မပါဘဲ ကစားသူတွေပဲ
ဆော့ကစားရမယ့် အလယ်ပုံစနစ် အသစ်ပါဝင်လာသလို ကစားရင်းနဲ့ရရှိထားတဲ့
ဆုတံဆိပ်တွေ Gem စတဲ့ in-game currency တွေကိုလည်း ကစားသူအချင်းချင်း
လေလံတင်ရောင်းချနိုင်တဲ့ စနစ်ထည့်သွင်းပေးလာမှာပါ။
''အခုဂိမ်းဗားရှင်းအသစ်မှာ ကစားသူတွေ ပိုအဆင်ပြေပြေ ကစားနိုင်အောင် ပြုပြင်ပေး
ထားပါတယ်။ အမြင်သစ်နဲ့ စည်းကမ်းချက်တွေ ပြောင်းလဲထားသလို ကတ်ပွတ်ကြည့်ရတဲ့
စနစ်ကိုပါ ထပ်ထည့်ထားတယ်''လို့ MyPlay ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုစိုင်းပြည့်ဖြိုးဟန်က ပြောပါတယ်။
In-game currency အသစ်အနေနဲ့ သော့ကို ထည့်သွင်းလာပြီး အဲဒီသော့နဲ့ ကံစမ်း
သေတ္တာတွေကို ဖောက်လို့ရမှာပါ။ သေတ္တာတွေထဲမှာတော့ ကံစမ်းမဲအဖြစ် ဂိမ်းထဲမှာ
အသုံးပြုနိုင်တဲ့ ငွေကြေးတွေ၊ တီဗီ၊ စမတ်ဖုန်း စတဲ့ဆုတွေ ပါဝင်လာမှာဖြစ်တယ်။
MyPlay ဟာ မြန်မာဆီးဂိမ်းကာလမှာ ခြင်းလုံးနဲ့ မြန်မာ့စစ်တုရင်ဂိမ်းတွေနဲ့ စတင်ခဲ့ပြီး
ဆိုက်ကားဆရာငပိန်၊ ပေါသွပ် စတဲ့ မိုဘိုင်းဂိမ်းတွေကို နှစ်စဉ်ထုတ်လုပ်လာခဲ့တဲ့
ပြည်တွင်းဂိမ်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုအခါမှာတော့ iSentric က ဝယ်ယူခဲ့ပြီး
အရှေ့တောင်အာရှစျေးကွက်ကိုပါ ထိုးဖောက်ဖို့ ပစ်မှတ်ထားပြီး မိုဘိုင်းဂိမ်းတွေကို
ထုတ်လုပ်သွားမယ်လို့ ပြောကြားထားပါတယ်။

















