နိုင်ငံပိုင်မြန်မာ့ဆက်သွယ်ရေလုပ်ငန်း (အမ်ပီတီ) သည် သုံးစွဲသူများ လျင်မြန်စွာ
ဖုန်းငွေဖြည့်သွင်းနိုင်ရန် ငွေဖြည့်ကတ်အသစ်များတွင် QR ကုတ်စနစ် ထည့်သွင်းလိုက်ပြီ
ဖြစ်ကြောင်း ယခုလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ငွေဖြည့်ကတ်အသစ်တွင်ပါဝင်သည့် QR ကုတ်စနစ်ကို အသုံးပြုရန်
QR Scanner function ပါဝင်သော MPT4U မိုဘိုင်းအက်ပလီကေးရှင်းကို ဂူဂဲလ်ပလေး
စတိုးနှင့် အက်ပဲလ်စတိုးတို့တွင် ဒေါင်းလုတ်ပြုလုပ်ထားရန် လိုအပ်သည်။
''ဒီ QR ကုတ်စနစ်က သုံးစွဲသူတွေ ဖုန်းဘေလ် ဖြည့်သွင်းရာမှာ သက်သက်သာသာနဲ့
ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ရှည်လျားတဲ့ ငွေဖြည်ကုတ်နံပါတ်တွေကို မှားယွင်းပြီး
ရိုက်သွင်းမိတာမျိုးကို ရှောင်ရှားနိုင်ပါပြီ။ ငွေဖြည့်ကတ်ပေါ်က QR ကုတ်နေရာကို ခဲခြစ်ပြီး
အဲဒီကုတ်ကို MPT4U အက်ပလီကေးရှင်းနဲ့ ဖတ်ပြီး ငွေဖြည့်သွင်းတဲ့လုပ်ငန်းစဉ်ကို
အလွယ်တကူ လုပ်ဆောင်နိုင်မှာပါ''ဟု MPT-KSGM Joint Operations ၊
Chief Commercial Officer ၊ Reizo Umeda က ပြောသည်။
ထို QR ကုတ်စနစ်ဖြင့် ငွေဖြည့်သွင်းရာတွင် မိမိဖုန်းအတွင်းရှိ MPT4U အက်ပလီကေးရှင်း
ကို ကနဦးဖွင့်ရမည်ဖြစ်ပြီး အက်ပလီကေးရှင်းပေါ်က Menu ခလုတ်ကိုနှိပ်ကာ ''ငွေဖြည့်
သွင်းမည်'' ကို ရွေးချယ်ရမည်ဖြစ်သည်။ ပြီးနောက် ''ငွေဖြည့်သွင်းမည်'' ကို ရောက်ကာ
QR ကုတ်ပုံကိုနှိပ်ပြီး QR Scanner Function ကို ဝင်ရောက်ရမည်ဖြစ်သည်။
ပြီးနောက် ငွေဖြည့်ကတ်တွင်ပါရှိသော ခဲခြစ်ထားသည့် QR ကုတ်ကို QR Scanner
Function ဖတ်ရမည်ဖြစ်ပြီး ဖုန်းငွေဖြည့်သွင်းခြင်းလုပ်ငန်းအောင်မြင်ပါက အတည်ပြု
ကြောင်း စာတိုလက်ခံရရှိမည်ဖြစ်သည်။
သို့သော် ငွေဖြည့်ကတ်အသစ်များတွင် QR ကုတ်စနစ်သစ်ပါဝင်လာသော်လည်း မူလ
ငွေဖြည့်သည့်အတိုင်း ခဲခြစ်ကာ ငွေဖြည့်နံပါတ်များ ရိုက်ထည့် ငွေဖြည့်သွင်းချင်သူများ
အတွက် အဆိုပါ ငွေဖြည့်ကတ်အသစ်တွင် မူလခဲခြစ် ငွေဖြည့်နံပါတ်များကိုလည်း
ဆက်လက်ထားရှိမည်ဖြစ်သည်။
အသစ်ထုတ်လုပ်လိုက်သည် ငွေဖြည့်ကတ်များတွင် QR ကုတ်စနစ်ဖြင့် ဖုန်းငွေဖြည့်သွင်း
နိုင်သည့်အပြင် မူလအတိုင်း ခဲခြစ်ကာ နံပါတ်ရိုက်ထည့် ငွေဖြည့်သွင်းနိုင်မည့်စနစ်လည်း
ပါဝင်သောကြောင့် မိမိကြိုက်နှစ်သက်သည့်စနစ်ကို အသုံးပြုကာ ဖုန်းငွေဖြည့်သွင်းနိုင်မည်
ဖြစ်သည်။
လက်ရှိတွင် အမ်ပီတီ၏ နှစ်သောင်းတန်နှင့် တစ်သောင်းတန် ငွေဖြည့်ကတ်များတွင် QR
ကုတ်စနစ်များ ပါဝင်လာပြီဖြစ်ပြီး ကျန်သေးသည့်ဖုန်းငွေဖြည့်ကတ်များတွင် ယင်းစနစ်
ပါဝင်လာရန် အမြန်ဆုံးဆောင်ရွက်နေပြီဖြစ်ကြောင်း အမ်ပီတီ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

















