အီလက်ထရွန်းနစ်အားကစားရဲ့ အမြင့်မားဆုံးယှဉ်ပြိုင်မှု သို့မဟုတ် Dota 2

အီလက်ထရွန်းနစ်အားကစားရဲ့ အမြင့်မားဆုံးယှဉ်ပြိုင်မှု သို့မဟုတ် Dota 2

ရန်ကုန်မြို့ရဲ့ဆိုင်ဘာကဖီး သို့မဟုတ် အင်တာနက်ဆိုင်တွေဟာ အရင်ကတော့သာမန်
ပြည်သူတွေ အင်တာနက်နဲ့ အီးမေးလ်အသုံးပြုဖို့ တစ်ခုတည်းသော နေရာဖြစ်ခဲ့ပါတယ်။

အခုတော့ မိုဘိုင်းအော်ပရေတာတွေ လွတ်လပ်စွာဝင်ရောက်ခွင့်ရလာခဲ့တာမို့ မိုဘိုင်းဖုန်း
စျေးကွက် နိုင်ငံတကာမှာ ရုတ်တရက်ဖွံ့ဖြိုးအားကောင်းလာခဲ့တာကြောင့် အင်တာနက်
အသုံးပြုရန် ဆိုင်ဘာကဖီးတွေကို သွားစရာမလိုတော့ဘဲ စမတ်ဖုန်းတွေ၊ ဆင်းကတ်
တွေကို စျေးချိုချိုနဲ့အစားထိုးလို့ ရနေပါပြီ။

ဒါ့ပြင် ဆိုရှယ်နက်ဝပ်တွေနဲ့ VOIP ဆက်သွယ်ရေး နည်းပညာတွေ အားကောင်းလာတာ
ကလည်း ဆိုင်ဘာကဖီးတွေရဲ့ အရေးပါမှုကို မှေးမှိန်လာစေခဲ့ပါတယ်။ ဒါပေမဲ့အခုအချိန်ထိ
ဆိုင်ဘာကဖီးတွေ လျော့နည်းမသွားဘဲ အသစ်အသစ်တွေသာ တိုးပွားလို့လာပါတယ်။
ဘာလို့လဲဆိုရင် အဖြေကတော့ အွန်လိုင်းဂိမ်းတွေကြောင့်ပါ။

လူကြိုက်အများဆုံးနဲ့ ဆိုင်ဘာကဖီးတွေရဲ့ အဓိကဝန်ဆောင်မှုကတော့ Dota 2 လို့ခေါ်တဲ့
မာလ်တီပလေယာဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့အမျိုးအစားက Multiplayer Online
Battle Arena (အတိုကောက် MOBA) ဖြစ်ပြီး ကစားသူ ၁ဝ ဦးက တစ်ဖက်ကို ငါးဦးစီ
ဆော့ကစားရပါတယ်။

Dota 2 ကို ၂ဝ၁၁ ခုနှစ်က ဂျာမနီနိုင်ငံ ကိုလုံးမြို့ မှာ ပြုလုပ်ခဲ့တဲ့ Gamescomာ ပြပွဲမှာ
စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါမိတ်ဆက်ပွဲမှာ ယနေ့တိုင် နှစ်စဉ်ကျင်းပနေတဲ့
The Internationals ပြိုင်ပွဲကိုလည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
The Internationals ကို အတိုကောက် Ti လို့ခေါ်ပြီး ဇူလိုင်၊ သြဂုတ်လတွေမှာ
နှစ်စဉ်ကျင်းပလာတာ အခုဆိုရင် ခုနစ်ကြိမ်မြောက် Ti7 ကို ရောက်ရှိလာခဲ့ပါပြီ။

Dota 2 ကိုထုတ်လုပ်သူကတော့ Counter Strike နဲ့ Half-Life ဂိမ်းစီးရီးတွေနဲ့
လူသိများပြီးသား Valve ကုမ္ပဏီပါ။ Valve ဟာ သူတို့ရဲ့ မာလ်တီပလေယာဂိမ်း
Counter Strike ကို ကစားသူတွေ အွန်လိုင်းမှာ အခက်အခဲမရှိ ချိတ်ဆက်ကစားနိုင်ဖို့၊
ဂိမ်းတွေကို ဒစ်ဂျစ်တယ်အနေနဲ့ အွန်လိုင်းကပဲ တိုက်ရိုက်ရောင်းချဖို့ ှSteam
ပလက်ဖောင်းကို ၂ဝဝ၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး Dota 2 ကိုတော့ ၂ဝ၁၁ ၌ Steam
ပေါ်က ကစားနိုင်ဖို့ မိတ်ဆက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂ဝ၁၃ ခုနှစ်အထိတော့ closed beta ဗားရှင်းနဲ့ ကစားရတာကြောင့်
လူတိုင်းဆော့ကစားခွင့်မရခဲ့ဘဲ invite key ရရှိတဲ့သူမှသာ ဆော့ကစားနိုင်ခဲ့ပါတယ်။
ထိုအချိန်ကတော့ မြန်မာနိုင်ငံမှာလည်း အင်တာနက်ချိတ်ဆက်မှု အားမကောင်းသေးတဲ့
အတွက် ဆိုင်ဘာကဖီးတွေမှာလည်း Dota 2 ကို သေသေချာချာ မတွေ့ရသေးပါဘူး။

၂ဝ၁၃ ဇူလိုင်လကို ရောက်တဲ့အခါမှသာ Steam ပေါ်မှာ အခမဲ့ဒေါင်းယူကစားနိုင်တဲ့
free to play ဂိမ်းအဖြစ်မိတ်ဆက်ခဲ့တယ် (Counter-Strike: Global Offensive ဂိမ်းကို
ဆိုရင် ၁၅ ဒေါ်လာနဲ့ ရောင်းချပါတယ်)။ နောက်ပြီး ၂ဝ၁၃ မှာ ကျင်းပတဲ့
The Internationals ပွဲအတွက် Compendium လို့ ခေါ်တဲ့ ဂိမ်းထဲမှာအသုံးပြုနိုင်တဲ့
ဒစ်ဂျစ်တယ်စာအုပ် တစ်ခုကိုရောင်းချခဲ့ပြီး အဲဒီရောင်းချငွေရဲ့လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း)
ကို  The Internationals 2013 ရဲ့ ဆုကြေးငွေထဲကို ပေါင်းပေးခဲ့ပါတယ်။

Compendium ဟာ ဝယ်ယူထားတဲ့ ကစားသူတွေကို သက်ဆိုင်ရာ
objective goal တွေပေးထားပြီး အောင်မြင်ရင် သူ့ဘာသာ level 
မြင့်တက်လာအောင်  self-update လုပ်နိုင်တဲ့ ဒစ်ဂျစ်တယ်အကူအညီ တစ်ခုပါ။
Dota 2 ဂိမ်းထဲမှာ ကစားနိုင်တဲ့ ကာရိုက်တာတွေရဲ့ ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲအလှဆင်
ပေးနိုင်တဲ့ item တွေ ပြန်ရနိုင်ပါတယ်။

ပထမဆုံးပြိုင်ပွဲနှစ်ခုမှာ စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၁ ဒသမ ၆ သန်းစီပေးခဲ့ပြီး ၂ဝ၁၄
မှာပြုလုပ်တဲ့ Ti4 ပြိုင်ပွဲမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဆုကြေးငွေစုစုပေါင်း ဒေါ်လာ
၁ဝ သန်းကျော်ကို ရောက်ရှိခဲ့ကာ ပြိုင်ပွဲတစ်ခုတည်းမှာ ဒေါ်လာ ၁ဝ သန်းချီးမြှင့်နိုင်တဲ့
ပထမဆုံး e-Sports ဂိမ်းဖြစ်လာခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်မှာလည်း ဆုကြေးငွေက ထပ်မံမြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၈ သန်းနီးပါးကို
ရောက်ရှိခဲ့တဲ့အတွက် ထိုနှစ်က အနိုင်ရခဲ့တဲ့ Evil Geniuses အသင်းသားငါးယောက်ဟာ
တစ်ယောက်ကို ဒေါ်လာတစ်သန်းကျော်ရရှိခဲ့ကာ ဂိမ်းပြိုင်ပွဲတစ်ခုတည်းကနေ ရရှိခဲ့တဲ့
ဆုကြေးငွေ စံချိန်ထပ်တင်ခဲ့ပါတယ်။

Dota 2 ဂိမ်းရဲ့ မူရင်းလားရာက WarCraft III ဂိမ်းထဲမှာ ကစားသူတွေ စိတ်ကြိုက်ဖန်တီး
ထားတဲ့ community-mod အမျိုးအစား Defense of the Ancients ဖြစ်ပြီး အဲဒီဂိမ်းရဲ့
ဦးဆောင်ဒီဇိုင်နာ IceFrog ကို ၂ဝဝ၉ ခုနှစ်မှာ Valve ကခေါ်ယူခဲ့ပြီး Dota 2 ကို ဖန်တီး
စေခဲ့တာပါ။ မူရင်းဂိမ်းကလည်း လူကြိုက်များတဲ့ဂိမ်းဖြစ်ပြီး လိုကယ်နက်ဝပ် (LAN) 
နဲ့ကစားနိုင်တဲ့အတွက် ကွန်ပျူတာဂိမ်းဆိုင်တွေမှာ ပရိသတ်ရှိပြီးသား၊ နိုင်ငံတကာဗီဒီယို
ဂိမ်းပြိုင်ပွဲတွေ ကျင်းပနေပြီးသား ဂိမ်းဖြစ်ပါတယ်။

The Internationals ပြိုင်ပွဲအရှိန်ရလာတဲ့အခါ ဖိတ်ခေါ်အသင်းဦးရေကို လျှော့ချပြီး
နိုင်ငံတကာလက်ရည်စစ်ပွဲတွေနဲ့ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံက ဝါသနာရှင်တွေ
လည်း အရှေ့တောင်အာရှဇုန်အတွက် လက်ရည်စစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့
အဓိကလက်ရည်စစ်ပွဲ အုပ်စုအဆင့်ကို ရောက်ဖို့ ရှုံးထွက် ဆန်ခါတင်ပြိုင်ပွဲတွေမှာတင်
နောက်ကောက်ကျခဲ့ရတာချည်း ဖြစ်ပါတယ်။

လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် Ti7 အတွက်လက်ရည်စစ်ပွဲစဉ်တွေကို ဇွန် ၂၅၊ ၂၆
ရက်တွေမှာ ဆော့ကစားခဲ့ပြီး မြန်မာအသင်းနှစ်သင်းဟာ ဆန်ခါတင်ရှုံးထွက်အဆင့်ရဲ့
နောက်ဆုံး ၁၆ သင်းအဆင့်ကို ရောက်ရှိခဲ့ကြပေမဲ့ အုပ်စုအဆင့်ကိုတော့ မရောက်နိုင်
သေးပါဘူး။

Steam ပလက်ဖောင်းမှာ တစ်လအတွင်းကစားသူ ပျမ်းမျှဦးရေ အများဆုံးဂိမ်းအဖြစ် စံချိန်
တင်ထားသလို ဆုကြေးငွေအများဆုံး e-Sports ဂိမ်းအဖြစ်လည်း စံချိန်ရထားတဲ့
Dota 2 ဟာ အခုလို The Internationals ကာလကိုရောက်လာတာနဲ့ ဂိမ်းဝါသနာရှင်တွေ
လှုပ်လှုပ်ရွရွဖြစ်လာကြတာ အမှန်ပါပဲ။ မိုဘိုင်းပလက်ဖောင်းပေါ်က MOBA ဂိမ်းတွေ
ထွက်ရှိလာပြီး ကစားသူများလာတာနဲ့အမျှ ပြိုင်ပွဲတွေအသွင် ကူးပြောင်းလာခဲ့ပေမဲ့
Dota 2 ရဲ့ထောက်ခံမှုအားကတော့ ကျဆင်းမသွားသေးဘဲ 2017 The Internationals 
စတင်ဖို့ နှစ်လနီးပါးလိုသေးတဲ့အချိန်မှာ ဆုကြေးငွေစုစုပေါင်း ၁၉ ဒသမ ၆ သန်းအထိ
ရရှိထားပြီဖြစ်ပြီး နောက်ထပ်လည်း မြင့်တက်လာဖို့သာရှိတဲ့အတွက် ကမ္ဘာပေါ်မှာ
စိတ်ဝင်စားမှုအများဆုံး ပြိုင်ပွဲတစ်ခုအဖြစ် ရပ်တည်နေသေးတယ်လို့ ဆိုနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်