နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အမ်ပီတီ)သည် မန္တလေး စီဒီအမ်အေနံပါတ်များ
ဖြစ်သည့် ဝ၉၆-----xxxx စသော နံပါတ်များကို စက်တင်ဘာလတွင် ဆက်သွယ်ရေး
ညွှန်ကြားမှုဦးစီးဌာနသို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။
ဝန်ကြီးဌာန၏လိုအပ်ချက်အရ ဝ၉၆----xxxxနှင့်စသော နံပါတ်များကို ဝ၉၈၉၆xxxx နံပါတ်
အသစ်များအဖြစ် ပြောင်းလဲခြင်းကို ဇွန်လကုန်တွင် စတင်ဆောင်ရွက်သွားမည်ဟု
အမ်ပီတီက ဇွန် ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
စီဒီအမ်အေနံပါတ်ဟောင်းများဖြစ်သည့် ဝ၉၆၃xxxxx နှင့်စသော ဂဏန်းခုနှစ်လုံးပါသည့်
နံပါတ်များကို ဝ၉၈၉၆၃xxxx ဖြင့်စသော ဂဏန်းကိုးလုံးပါသည့် နံပါတ်များဖြင့် ပြောင်းလဲ
မည်ဖြစ်သည်။
''လက်ရှိတော့ မန္တလေး စီဒီအမ်အေ နံပါတ်ဟောင်းတွေကို ဆက်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ နံပါတ်သစ်နဲ့ ပြောင်းလဲလိုက်တာပါ။ ဒီနံပါတ်အဟောင်း
တွေကိုလည်း ဝန်ကြီးဌာနကို ပြန်လည်အပ်သွားမှာပါ။ အခြားမြို့တွေမှာ နံပါတ်တွေပြောင်း
သွားဖို့တော့ အစီအစဉ်မရှိသေးပါဘူး''ဟု အမ်ပီတီတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြောင်းလဲလိုက်သည့် နံပါတ်များကို ကိုင်ဆောင်ထားသော သုံးစွဲသူများ ဆက်သွယ်ရာတွင်
အဆင်ပြေစေရန် နံပါတ်အသစ်နှင့် လက်ရှိနံပါတ်အဟောင်းနှစ်ခုစလုံးကို ဇူလိုင်မှ
စက်တင်ဘာလအကုန်အထိ သုံးလတာ ခေါ်ဆိုအသုံးပြုနိုင်မည်ဖြစ်သည်။
သတ်မှတ်ကာလ ပြီးဆုံးပါက ဝ၉၆-----xxxx စသော နံပါတ်များကို ဆက်သွယ်ရေးညွှန်
ကြားမှုဦးစီးဌာနသို့ ပြန်လည်ပေးအပ်မည် ဖြစ်သောကြောင့် စက်တင်ဘာလအကုန်တွင်
ဆင်းကတ်အဟောင်းများကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
















