ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်ဖြစ်သည့် work.com.mm
ဝက်ဘ်ဆိုက်ကို အက်ပလီကေးရှင်းသဖွယ် မိုဘိုင်းဖုန်းပေါ်တွင် ပိုမိုအလွယ်တကူ
အသုံးပြုနိုင်ရန် ဖန်တီးဆောင်ရွက်နေပြီ ဖြစ်ကြောင်း အဆိုပါဝက်ဘ်ဆိုက်၏ လူမှု
ဆက်ဆံရေးမန်နေဂျာ ကိုသုတလင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
''ဝက်ဘ်ဆိုက်ကို အက်ပလီကေးရှင်းတစ်ခု အသုံးပြုသလို မိုဘိုင်းဖုန်းပေါ်မှာ စနစ်တကျ
အသုံးပြုနိုင်အောင် ဖန်းတီးမှုတွေလုပ်နေပါတယ်။ တချို့ဝက်ဘ်ဆိုက်တွေဆိုရင် မိုဘိုင်း
ဖုန်းပေါ်မှာ ကြည့်မယ်ဆိုရင် scroll လုပ်ရတာတွေရှိတယ်။ ချုံ့ချဲ့ ကြည့်ရတဲ့ပုံစံတွေ
ရှိတယ်။ အဲဒီလိုတွေမဟုတ်ဘဲ အက်ပလီကေးရှင်း အသုံးပြုသလို လွယ်လွယ်ကူကူ
သုံးနိုင်အောင် ဖန်တီးနေပါတယ်''ဟု ၄င်းက ပြောသည်။
ဝက်ဘ်ဆိုက်နည်းပညာ အဆင့်မြှင့်တင်မှုများကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ
work.com.mm ၏ နည်းပညာကျွမ်းကျင်အဖွဲ့က အသေးစိတ် စတင်ပြင်ဆင်ဆောင်ရွက်
နေပြီဖြစ်သည်။
ဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် ဝင်ရောက်အသုံးပြုရာတွင် မည်သည့်ဖုန်း
အမျိုးအစားတွင်မဆို ပါဝင်သော ရှာဖွေရေးဆိုက်များဖြစ်သည့် Google, Chrome,
Mozilla အစရှိသည်တို့မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုရာတွင် ယခင်ထက် ပိုမိုလျင်မြန်ပြီး
တိကျကျစ်လျစ်သော ဝက်ဆိုက်ဒီဇိုင်း၊ အလုပ်ရှာဖွေသူများအတွက် လျင်လျင်မြန်မြန်ရှာဖွေ
အသုံးပြုနိုင်မည့် work.com.mm မှတစ်ဆင့် အလုပ်အကိုင်ရှာဖွေရေးများကို ပိုမို
ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
၂ဝ၁၂ ခုနှစ်မှစ၍ work.com.mm သည် ပြည်တွင်းတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး
တစ်နှစ်လျှင် အသုံးပြုသူ ၂၈ သိန်းကျော် ရှိပြီဖြစ်သည်။

















