နာမည်ကျော် League of Legends မာလ်တီပလေယာဂိမ်းကို ထုတ်လုပ်တဲ့
Riot Games ကုမ္ပဏီဟာ လက်ရှိလူကြိုက်များနေတဲ့ Mobile Legends : Bang Bang
အပါအဝင် မိုဘိုင်းဂိမ်းသုံးခုကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း တရားဝင်
ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တရားစွဲခံရတဲ့ မိုဘိုင်းဂိမ်းသုံးခုကတော့ လက်ရှိပြည်တွင်းမှာလည်း လူကြိုက်အများဆုံး
မိုဘိုင်းမာလ်တီပလေယာဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legends: Bang Bang, ၂ဝ၁၅
ဝန်းကျင်က ခေတ်စားခဲ့တဲ့ Magic Rush: Heroes နဲ့ Mobile Legends: 5v5 MOBA
တို့ဖြစ်ပါတယ်။ Riot Games ကနေ ထုတ်လုပ်ထားတဲ့ သက်တမ်းရင့် League of
Legends ဂိမ်းရဲ့ အိုင်ဒီယာ၊ ဇာတ်ကောင်၊ ဇာတ်ကောင်တွေရဲ့ စွမ်းရည်တွေ၊ မြေပုံဒီဇိုင်း၊
မွန်းစတားဒီဇိုင်းနဲ့ အခြားလက်ရာတွေကိုပါ ဆင်တူယိုးမှား ကူးချထားတယ်ဆိုပြီး စွဲဆို
ခဲ့တာပါ။
Mobile Legends ဂိမ်းအတွက် ဆိုရှယ်နက်ဝပ်မှာရှိတဲ့ သီးသန့်ဂရု(ပ်)တွေထဲမှာ ပြည်တွင်း
က မိုဘိုင်းကစားသူဦးရေ ကိုးသောင်းခန့်ရှိနေပြီး အခါအားလျော်စွာ ဂိမ်းထဲကနေရောင်းချ
တဲ့ in-game purchase တွေကိုလည်း ပြင်ပငွေနဲ့ ဝယ်ယူကစားကြပါတယ်။
Mobile Legends ဂိမ်းဟာ League of Legends ဂိမ်းရဲ့ စာလုံးဖောင့်ဒီဇိုင်းကိုပါ ကူးချပြီး
ကစားသူတွေကို အထင်မှားမှုဖြစ်ပေါ်စေတယ်လို့ Riot Games က ထပ်မံပြောကြားထား
ပါတယ်။
Riot Games ရဲ့ ရှယ်ယာအများစုကို ၂ဝ၁၁ ခုနှစ်အစောပိုင်းမှာ တရုတ်နိုင်ငံအခြေစိုက်
Tencent နည်းပညာနဲ့ ဖျော်ဖြေရေးကုမ္ပဏီကြီးက ဝယ်ယူခဲ့ပြီး ၂ဝ၁၅ မှာတော့ ရှယ်ယာ
အားလုံးကို ဝယ်ယူခဲ့ပါတယ်။ ယခု Mobile Legends ရဲ့ ထုတ်လုပ်သူကတော့ အခြား
တရုတ်အခြေစိုက် စတူဒီယိုတစ်ခုဖြစ်တဲ့ Moonton ပါပဲ။
အစောပိုင်းမှာ ဂူဂဲလ်ပလေးစတိုးထံကို ကန့်ကွက်စာပို့ပြီး ဆင်တူယိုးမှားဖြစ်နေတာ
တွေကိုဖြုတ်ချဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် အခုလို တရားရုံးကနေကြိုးစား
လာတာဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်ကတည်းက နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်ခဲ့တဲ့
League of Legends ဂိမ်းဟာ ဆော့ကစားသူအများဆုံး မာလ်တီပလေယာအွန်လိုင်း
ဂိမ်းတစ်ခုဖြစ်ပြီး မေလတုန်းကလည်း မူပိုင်ခွင့်အတွက် ဝက်ဘ်ဆိုက်တစ်ခုကို တရားစွဲဆို
ရာမှာ အနိုင်ရရှိကာ လျော်ကြေး အမေရိကန်ဒေါ်လာ ၁ဝ သန်းရရှိထားပါတယ်။
















