နိုင််ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုစနစ် တည်ထောင်မည်

နိုင််ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုစနစ် တည်ထောင်မည်

နိုင်ငံပိုင်ဆက်သွယ်ရေး ဂြိုဟ်တုစနစ်တည်ထောင်ရေးအတွက် အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် 
လွှတ်တော်သို့ ဆက်လက်တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ယခုလ ၃ ရက်တွင် ပြုလုပ်
ခဲ့သည့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယ
အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြား
ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နိုင်ငံပိုင်ဆက်သွယ်ရေး ဂြိုဟ်တုစနစ် ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၏ Intelsat 
ဆက်သွယ်ရေးဂြိုဟ်တုကို MyanmarSat-2 အမည်ဖြင့် လွှတ်တင်ကာ အချိုးကျငှားရမ်း
ပိုင်ဆိုင်ခွင့်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး MyanmarSat-2 ဂြိုဟ်တုတွင် C-Band 
ထရန်စပွန်ဒါ ခြောက်လုံးနှင့် Ku-Band ထရန်စပွန်ဒါ ခြောက်လုံးကို အသုံးပြုမည်ဖြစ်
ကြောင်း၊ MyanmarSat-2 ဂြိုဟ်တုငှားရမ်းဆောင်ရွက်ရန် အစိုးရအဖွဲ့၏ အတည်ပြုချက်
ဖြင့် လွှတ်တော်သို့ ဆက်လက်တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေး
တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တု စနစ်ပိုင်ဆိုင်ရေးအတွက်လည်း ဆက်လက်
ကြိုးပမ်းဆောင်ရွက်မည်ဟု ဆိုသည်။

MyanmarSat-2 ဆက်သွယ်ရေး ဂြိုဟ်တုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ကျော်
ရင်နှီးမြှုပ်နှံမည်ဖြစ်ပြီး Intelsat နှင့် ပူးပေါင်းမှု မပြုလုပ်ဘဲ ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်မည်
ဆိုပါက အမေရိကန်ဒေါ်လာ သန်း ၅ဝဝ အထိကုန်ကျစရိတ် ကျသင့်မည်ဖြစ်ကြောင်း
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြံုရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး
မှူးချုပ် ဦးသန်းစိုးဝင်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

၁၅ နှစ်သက်တမ်းရှိသည့် နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုဟ်တုကို ၂ဝ၁၉ နှစ်ဦးပိုင်းတွင်
လွှင်တင်သွားရန် ရည်ရွယ်ထားသည်ဟု ၄င်းက ပြောသည်။

''ကိုယ်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရင်တော့ အာကာသနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်
လာသလို၊ စီမံခန့်ခွဲမှုပိုင်းမှာလည်း ပိုပြီးလွတ်လပ်လာမယ်။ နောက်ပြီး ကိုယ်ပိုင်ဂြိုဟ်တု
စနစ်ဖြစ်လာရင် ဝန်ဆောင်မှုနှုန်းထားတွေလည်း သက်သာလာနိုင်ပါတယ်''ဟု ဦးသန်းစိုး
ဝင်းထွန်းက ပြောသည်။

လက်ရှိတွင် နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်း
ကော်မတီများက ကြိုးပမ်းဆောင်ရွက်နေပြီး၊ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်ဆိုင်ရာ နည်းပညာ
ဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်ဆိုင်ရာ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်း
ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တု ထရန်စပွန်ဒါ ငှားရမ်းရေး ဆပ်ကော်မတီများကို
လည်း ဖွဲ့စည်းထားသည်ဟု သိရသည်။

နိုင်ငံပိုင်ဂြိုဟ်တုတည်ထောင်ရေးကို ကြိုဆိုကြောင်း ပြည်တွင်းနည်းပညာကုမ္ပဏီ
ဖြစ်သည့် Yangon Heartz Media ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်ဇော်မျိုးလွင်က
ပြောသည်။

''အရင်ကတည်းကလုပ်မယ်ဆိုပြီး အခုမှပြန်စလာတဲ့ကိစ္စပါ။ အရင်တုန်းက ကိုယ်ပိုင်
ဂြိုဟ်တုကို သန်း ၁ဝဝ နဲ့လုပ်မယ်ဆိုပြီး ပြောကြတယ်။ အခုကအမေရိကန်နဲ့ပူးပေါင်းပြီး
ငှားရမ်းမှာ ဒေါ်လာ သန်း ၁ဝဝ ကျော်မယ်ပြောတယ်။ ဆိုလိုတာက နိုင်ငံပိုင်ဂြိုဟ်တုရှိလာ
မှာကို ကြိုဆိုပါတယ်၊ ပိုကောင်းတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေအတွက် လိုအပ်
ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ဝန်ကြီးဌာနလုပ်ကိုင်ပုံတွေကို ဝေဖန်ဖို့ စောနေသေးတယ်''ဟု
၄င်းက ပြောသည်။

၂ဝ၁၆ ခုနှစ် မေလတွင် ငါးနှစ်သက်တမ်းဖြင့် Intelsat ၏ လွှတ်တင်ပြီးသား ဂြိုဟ်တုမှ
C-Band ထရန်စပွန်ဒါ ခုနှစ်ခုနှင့် Ku-Band ထရန်စပွန်ဒါ သုံးခုကို အသုံးပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်