အခမဲ့ဂိမ်းအဖြစ်ထွက်လာတဲ့ Grand Prix Story 2 နောက်ဆက်တွဲ မိုဘိုင်းဂိမ်း

အခမဲ့ဂိမ်းအဖြစ်ထွက်လာတဲ့ Grand Prix Story 2 နောက်ဆက်တွဲ မိုဘိုင်းဂိမ်း

 

Free to Play
အမျိုးအစား   –  simulation
ထုတ်လုပ်သူ  – Kariosoft
ပလက်ဖောင်း – iOS, Android

၂ဝ၁ဝ အစောပိုင်းမှာ Game Dev Story နဲ့ လူသိများလာတဲ့ မိုဘိုင်းဂိမ်းစတူဒီယို
Kairosoft ဟာ သူတို့ရဲ့ Pixel စတိုင် ဂရပ်ဖစ်ရုပ်ထွက်တွေ၊ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့
simulation ဂိမ်းတွေကြောင့် အမာခံပရိသတ် အများအပြားရထားပါတယ်။

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ဂိမ်းတွေကို ၂ဝ၁၇ ခုနှစ်ထဲမှာ တစ်ခုချင်းစီ အခမဲ့
ဗားရှင်းအဖြစ် ပြန်လည်ထုတ်ဝေလာပြီး ပိုများတဲ့ ကစားသူတွေကိုဆွဲဆောင်လာကာ
Freemium လို့ခေါ်တဲ့ ဂိမ်းကိုအခမဲ့ဆော့ကစားခွင့်ပေးထားပြီး in-game purchase 
ရောင်းချမှုကို အားထားလာတာကို တွေ့ရတယ်။

အရင်ဆုံး အခမဲ့ဗားရှင်းအဖြစ် ဘောလုံးအသင်းတစ်ခုကို အုပ်ချုပ်ရတဲ့ Pocket League
Story 2 ကိုထုတ်ဝေခဲ့ကာ ယခင်က ခြောက်ဒေါ်လာခန့်နဲ့ ဝယ်ယူကစားရတဲ့ Pocket
League Story ရဲ့နောက်ဆက်တွဲဂိမ်းဖြစ်ပါတယ်။ အခုထွက်လာတဲ့ Grand Prix Story 2 
ဟာလည်း အလားတူပြန်လည်ဆန်းသစ်မှုဖြစ်ပြီး ပြိုင်ကားအသင်းတစ်သင်းကို ကိုင်တွယ်
အုပ်ချုပ်ရမယ့် ဂိမ်းလေးတစ်ခုပါ။

သူတို့ရဲ့ဂိမ်းတွေက အက်ရှင်ဂိမ်းတွေလိုမဟုတ်ဘဲ ကုမ္ပဏီတစ်ခု၊ အသင်းတစ်သင်းစတာ
တွေကိုစီမံခန့်ခွဲကာ ဝန်ထမ်းတွေ အသင်းသားတွေက အလိုလိုလုပ်စရာရှိတာ လုပ်သွားတဲ့
Management ဂိမ်းမျိုးတွေပါ။ ဒါ့ကြောင့် ကစားသူက ဝန်ထမ်းတွေခန့်တာ၊ အဆောက်
အအုံအသစ်တွေ ဆောက်တာ၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူတာ စသဖြင့်
လုပ်ပေးရမှာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲတွေကိုလည်း ဝင်ရောက်နိုင်ဖို့ အစစအရာရာ
စီမံပေးရမှာ ဖြစ်ပါတယ်။

ဂိမ်းရဲ့အစမှာတော့ ကစားသူကို ပြိုင်ကားအသင်းအသစ်လေးတစ်ခုကိုပေးပြီး စိတ်ကြိုက်
နာမည်ရွေးခိုင်းပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ rank ကို လက်ခံတဲ့ ပြိုင်ပွဲအသေးလေးတွေကို
စပြိုင်ရမှာပါ။ ပြိုင်ကားတွေကိုလည်း ကိုယ့်အသင်းကပဲ ကိုယ်တိုင် ထုတ်လုပ်ဖန်တီးရမှာ
ဖြစ်ပြီး စစချင်းမှာတော့ ကားမောင်းသူတစ်ဦး၊ စက်ပြင်ဆရာတစ်ဦးနဲ့ မန်နေဂျာအဖြစ်
ကစားသူရဲ့ကိုယ်ပွား avatar တစ်ယောက်တို့သာ ရှိမှာပါ။

ပြိုင်ပွဲတွေ များများဝင်၊ ရလာတဲ့ ပိုက်ဆံတွေနဲ့ ကားအတွက် လိုအပ်တာတွေဝယ်၊
ကားမောင်းသူနဲ့ စက်ပြင်ဆရာတွေကို အသစ်ခန့် ဒါမှမဟုတ် upgrade လုပ်ကာ
နိုင်ငံတကာ ကားမောင်းပြိုင်ပွဲတွေမှာ အနိုင်ရလာတဲ့ထိ ယှဉ်ပြိုင်သွားရမယ့်ပုံစံပါ။

GP Story2 ဟာ အခမဲ့ဂိမ်းဖြစ်လာတာနဲ့အညီ ထုတ်လုပ်သူတွေက in-game purchase 
နဲ့ ငွေညှစ်ဖို့တော့ ကြိုးစားလာပါတယ်။ ကစားသူက ပြိုင်ပွဲတွေကို စိတ်ကြိုက် တစ်ပွဲပြီး
တစ်ပွဲ ဆက်တိုက်ပြိုင်လို့မရအောင် အဓိကပြုလုပ်ထားတာက ပြိုင်ပွဲဝင်ဖို့ ကားလောင်စာ
လိုအပ်ချက်ရယ်၊ ကားရဲ့ခံနိုင်ရည်စွမ်းအားရယ်ပါပဲ။ ဒါတွေကို ပြိုင်ပွဲတစ်ပွဲပြီးတိုင်း
တစ်ခါပြန်ဖြည့်ရအောင် ပြုလုပ်ထားတယ်။

တစ်ခြား kairosoft ဂိမ်းတွေလို အသင်းသားတွေရဲ့ပင်ပန်းမှုကိုတော့ အရမ်းထည့်တွက်
စရာမလိုဘူး။ စိတ်ကြိုက်ခိုင်းလို့ ရတယ်။ ဒါပေမဲ့ train မယ်ဆိုရင်တော့ stamina 
ကုန်ပါတယ်။

ကားအစိတ်အပိုင်းတွေနဲ့ အမျိုးအစားအသစ်တွေ၊ အကောင်းစားကားတွေကိုတော့ ငွေနဲ့
ဝယ်မှသာ ချက်ချင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငွေမသုံးဘဲ စိတ်ရှည်လက်ရှည်နဲ့ ကစားမယ်
ဆိုရင်လည်း ရတော့ရပါတယ်။ ပိုက်ဆံသုံးတဲ့သူတွေကတော့ ပိုမြန်မှာပေါ့။ အဓိကက
ဒီဂိမ်းဟာ single player အဓိကဖြစ်တဲ့အတွက် မာလ်တီပလေယာဦးစားပေး မိုဘိုင်းဂိမ်း
တွေလို ငွေကိုရေလိုသုံးမှ အပေါ်မှာနေနိုင်တဲ့ပုံစံလောက်တော့ မဟုတ်ပါဘူး။

အထူး currency စနစ်အဖြစ်တော့ Nitro ကိုထည့်သွင်းထားတယ်။ ပြိုင်ပွဲအတွင်းမှာ
နိုက်ထရိုအသုံးပြုလိုက်ရင် ကားရဲ့အရှိန်ကို ရုတ်တရက်မြှင့်တင်နိုင်ပြီး ပထမစွဲဖို့
တော်တော်အားသာသွားတယ်။ ဒါပေမဲ့ သူက တစ်ပွဲပြီးရင် တစ်ခါပြန်ဖြည့်ရသလို
ငွေနဲ့မဝယ်ရင်လည်း မရပြန်ဘူး။ တကယ်လို့ ကိုယ်က ပြိုင်ပွဲကြီးတစ်ခုမှာ ဗိုလ်စွဲထားရင်
တော့ ကားမောင်းသူမှာ Aura အလင်းရောင် ထွက်နေမှာဖြစ်ပြီး ပြိုင်ပွဲထဲရောက်တဲ့အခါ
နိုက်ထရိုလိုပဲ အသုံးပြုနိုင်ပါတယ်။

Grand Prix Story 2 ဟာ အောင်မြင်ပြီးသား ဂိမ်းကို အခမဲ့အဖြစ် ပြန်လည်အသက်သွင်း
လာပြီး လှပတဲ့ရှုခင်းတွေကိုလည်း ထည့်သွင်းလာတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်ကစားတဲ့သူ
တွေကတော့ တစ်နေ့မှ ပြိုင်ပွဲခြောက်ခုလောက်ပဲ အလွန်ဆုံးကစား နိုင်မှာဖြစ်ပေမဲ့ အပျင်း
ပြေကစားဖို့တော့ တော်တော် ကောင်းတဲ့ဂိမ်းပါ။ ၂ဝ၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ မူရင်းဂိမ်းရဲ့
ပရိသတ်တွေကတော့ ပြောင်းလဲမှုကို လက်ခံနိုင်ချင်မှ လက်ခံနိုင်ပါလိမ့်မယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်