အမ်ပီတီက LTE+ ကွန်ရက် တိုးချဲ့

အမ်ပီတီက LTE+ ကွန်ရက် တိုးချဲ့

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် ဇူလိုင် ၁၄ ရက်မှစတင်ကာ 
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်း
ဒေသကြီးရှိ မြို့များတွင် LTE+ ကွန်ရက်ကို တိုးချဲ့ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း 
ယခုလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကွန်ရက်တိုးချဲ့ဝန်ဆောင်မှုပေးမှုကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်မြို့နှင့် ထာဝယ်မြို့၊
ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီးမြို့များသို့ ဆက်လက်
တိုးချဲ့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အမ်ပီတီက ဆိုသည်။

''အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် စစ်ကိုင်းတိုင်းမှာရှိတဲ့ တာချီလိတ်နဲ့ ရွှေဘိုမြို့
တို့မှာ မြန်နှုန်းမြင့် နည်းပညာသစ်ကို ပထမဦးဆုံးထောက်ပ့ံပေးနိုင်တဲ့အတွက် အထူး
ဂုဏ်ယူရပါတယ်။ လာမယ့် စက်တင်ဘာလကုန်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်
အသီးသီးက မြို့ကြီး ၃ဝ အပါအဝင် မြို့နယ် ရ၄ မြို့နယ်မှာ လျင်လျင်မြန်မြန်နဲ့ ကွန်ရက်
လွှမ်းခြံုနိုင်တော့မှာ ဖြစ်ပါတယ်''ဟု MPT-KSGM အကျိုးတူပူးပေါင်းမှု၊ စီးပွားရေးရာ
အရာရှိချုပ်၊ မစ္စတာရိုင်ဇိုအူမီဒါက ပြောသည်။

အမ်ပီတီသည် ဇူလိုင်လမှစတင်ကာ 4x4 MIMO နည်းပညာကို ထောက်ပံ့ပေးမည့် LTE+ 
ကိုအသုံးပြုရန် မိုဘိုင်းတာဝါနှင့် ကွန်ရက်များကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့
သည်။ အဆိုပါ LTE+ ကွန်ရက်စတင်မိတ်ဆက်ခဲ့စဉ် ဇွန်လတွင် ရန်ကုန်၊ မန္တလေး၊
နေပြည်တော်ရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဝန်ဆောင်မှုပေးခဲ့နိုင်ပြီး ယခုအခါ
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီး ၂၁ မြို့အပါအဝင် မြို့နယ် ၆၅ မြို့နယ်တို့တွင်
LTE+ ကွန်ရက်ကို အသုံးပြုနိုင်ပြီဖြစ်သည်။

ထို LTE+ ရရှိသည့် နေရာသစ်များတွင် ရှယ်ပြောနှင့် ဆွေသဟာအစီအစဉ်ရယူထားသော
သုံးစွဲသူများသည် LTE+ ကွန်ရက်ကို စတင်အသုံးပြုချိန်တွင် 1GB လက်ဆောင်ရရှိမည်
ဖြစ်ရာ တစ်ပတ်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။

အမ်ပီတီ၏ LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန် ယခင်ဆင်းကတ်အဟောင်းကိုင်ဆောင်
ထားသူများသည် ဆင်းကတ်လဲလှယ်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည့်အတွက်
အမ်ပီတီသည် ၄င်းတို့၏ အရောင်းဆိုင်များတွင် ဆင်းကတ်လဲလှယ်ပေးခြင်းများကို အခမဲ့
ဆောင်ရွက်ပေးနေသည့်အပြင် ဇွန်လိုင် ၁၃ ရက်က ရန်ကုန်မြို့ရှိ အထင်ကရနေရာများ
ဖြစ်သည့် လှည်းတန်းစင်တာ၊ Junction Square၊ Junction 8၊ မြန်မာပလာဇာ၊
ဗိုလ်ချုပ်စျေး၊ ညောင်ပင်လေးစျေး၊ မဟာဗန္ဓုလပန်းခြံ၊ ယုဇနပလာဇာ၊ Capital Hyper
Mart၊ ပါရမီအဝေးပြေးကွင်းများတွင် သွားရောက်ကာ 4G/LTE ချိတ်ဆက်မှုကို
ရှင်းလင်းပြကာ LTE+ အသုံးပြုနိုင်ရန် ဆင်းကတ်များကို အခမဲ့လဲလှယ်ပေးခြင်းများကို
ဆောင်ရွက်ပေးလျက်ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်