ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း
လိုင်စင်လာရောက်လျှောက်ထားသူများကို ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ
စိစစ်ဆောင်ရွက်၍ လိုင်စင်များထုတ်ပေးခဲ့ရာ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၆ ရက်အထိ ပြည်တွင်း
ပြည်ပကုမ္ပဏီပေါင်း ၁၂၇ ခုအထိ လိုင်စင်များပေးအပ်ပြီးကြောင်း ဝန်ကြီးဌာန၏တရားဝင်
ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါဝန်ကြီးဌာန ထုတ်ပေးခဲ့သည့် ဆက်သွယ်ရေးလိုင်စင်များမှာ Nationwide
Telecommunication လိုင်စင်၊ Network Facilities Services (Individual) လိုင်စင်၊
Network Service လိုင်စင်၊ Network Facilities Service လိုင်စင် (Class) နှင့်
Application Service လိုင်စင်တို့ ဖြစ်သည်။
ထို Nationwide Telecommunication လိုင်စင်ကို ပြည်တွင်းကုမ္ပဏီနှစ်ခု၊ ပြည်ပကုမ္ပဏီ
နှစ်ခု၊ Network Facilities Services (Individual) လိုင်စင်ကို ပြည်တွင်း ကုမ္ပဏီ ၃၄ ခု၊
ပြည်ပကုမ္ပဏီ ၁၁ ခု၊ Network Service လိုင်စင်ကို ပြည်တွင်းကုမ္ပဏီ ကိုးခုနှင့် ပြည်ပ
ကုမ္ပဏီ ခြောက်ခု၊ Network Facilities Service လိုင်စင် (Class) ကို ပြည်တွင်းကုမ္ပဏီ
၂၆ ခုနှင့် ပြည်ပကုမ္ပဏီ ၁၆ ခုအပြင် Application Service လိုင်စင်ကို ပြည်တွင်းကုမ္ပဏီ
၁၇ ခုနှင့် ပြည်ပကုမ္ပဏီလေးခုကို အသီးသီး လိုင်စင်များထုတ်ပေးပြီးဖြစ်သည်။
ထိုကဲသို့ လိုင်စင်များထုတ်ပေးခဲ့ရာ ဇူလိုင် ၆ ရက် အထိ ပြည်တွင်းကုမ္ပဏီ ၈၈ ခုနှင့်
ပြည်ပကုမ္ပဏီ ၃၉ ခု စုစုပေါင်း ပြည်တွင်းပြည်ပကုမ္ပဏီ ၁၂၇ အထိ လိုင်စင်များ
ထုတ်ပေးခဲ့ပြီးဖြစ်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ ဆက်သွယ်ရေး
ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားသူများကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ
များနှင့်စိစစ်ကာ လိုင်စင်များကိုထုတ်ပေးခဲ့ပြီး ၂ဝ၁၇ ဧပြီအထိ ပြည်တွင်းကုမ္ပဏီ ၈၄ ခု၊
ပြည်ပကုမ္ပဏီ ၃၈ ခု၊ စုစုပေါင်း ကုမ္ပဏီ ၁၂၂ ခုကိုသာ ဆက်သွယ်ရေးဝန်ဆောင်မှု
လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ပြီဖြစ်သည်။
ထိုနည်းတူ ဝန်ကြီးဌာနသည် ဆက်လက်၍ လျှောက်ထားလာသော ပြည်တွင်းပြည်ပ
ကုမ္ပဏီများကိုစိစစ်ကာ လိုင်စင်များကို ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
















