မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က E-Government စနစ်သို့ပြောင်းလဲခြင်း ပထမဆုံး
ခြေလှမ်းအဖြစ် eMandalay အမည်ရ ဝက်ဘ်ပေါ်တယ်ကို ဇူလိုင် ၂ဝ ရက်တွင် စတင်
ဖွင့်လှစ်မိတ်ဆက်ပေးခဲ့သည်။
အဆိုပါဝက်ဘ်ပေါ်တယ်ကို www.emandalay.gov.mm လင့်ခ်တွင် ဝင်ရောက်ကြည့်ရှု
အသုံးပြုနိုင်ကာ ရိုးရှင်းသော User Interface ပေါ်တွင် ပြည်သူများအတွက် အသိပညာ
ပေးခြင်း၊ အစိုးရဌာနများနှင့် လုပ်ငန်းဆောင်တာများကို လွယ်ကူစွာကြည့်ရှုရှာဖွေနိုင်ခြင်း
သာမက ပြည်သူများအတွက် အသုံးဝင်သည့် မီတာခစစ်ဆေးခြင်း၊ အလုပ်ရှင်က အလုပ်
သမားရှာဖွေခြင်း သို့မဟုတ် အလုပ်သမားက အလုပ်အကိုင်ရှာဖွေခြင်းတို့ကိုပါ ပြုလုပ်နိုင်
မည်ဖြစ်သည်။
eMandalay ကို မိုဘိုင်းအက်ပလီကေးရှင်းအဖြစ် အသုံးပြုလိုသူများသည် လက်ရှိတွင်
Android app အနေဖြင့် အသုံးပြုနိုင်ကာ ဒေါင်းလုပ်ဆွဲယူရန် ဝက်ဘ်ပေါ်တယ်၏
ရှေ့မျက်နှာစာတွင်ပင် ပြသပေးထားသည်။ ထို့ပြင် လူသုံးများသည့် ဆိုရှယ်နက်ဝပ်တစ်ခု
ဖြစ်သော Facebook တွင်လည်း သက်ဆိုင်ရာစာမျက်နှာကို ချိတ်ဆက်ထားကာ ယခု
အချိန်တွင် အသက်ဝင်နေပြီ ဖြစ်သည်။
Home စာမျက်နှာ၌ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များကို ဖော်ပြထားကာ eMandalay ၏
ဝန်ဆောင်မှုစာမျက်နှာများကိုလည်း ထပ်ဆင့်ညွှန်းဆိုထားသည်။ အောက်ခြေတွင် မန္တလေး
တိုင်းကို GPS မြေပုံအဖြစ် မြင်တွေ့နိုင်မည်ဖြစ်သည်။
ပြည်သူများအတွက် ဝန်ဆောင်မှုကို eServices စာမျက်နှာတွင် ရယူနိုင်ကာ လက်ရှိတွင်
မီတာခယူနစ်နှင့် အသုံးပြုခ စစ်ဆေးခြင်း၊ အလုပ်သမားနှင့် အလုပ်အကိုင်ရှာဖွေခြင်း
တို့ကိုသာ အသုံးပြုနိုင်သေးသည်။ ပြည်သူများအတွက် အစိုးရရုံးလုပ်ငန်းနှင့်ဆက်စပ်သော
လုပ်ငန်းဆောင်တာများကို အွန်လိုင်းက ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသောနေရာဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရရုံးလုပ်ငန်းများကို တိုက်ရိုက်ဝန်ဆောင်မှုပေးနေ
သောဌာနများကို Agencies တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အစိုးရရုံးများက ဝန်ဆောင်မှု
လုပ်ငန်းများအတွက် အချက်အလက်များကိုကြည့်ရှုခြင်းနှင့် လျှောက်လွှာဖောင်များရယူခြင်း
အတွက် Topics စာမျက်နှာကို အသုံးပြုရမည်ဖြစ်သည်။
ထို့ပြင် ဝန်ကြီးဌာနများကို ရှင်းလင်းပြသထားသော Categories နှင့် အစိုးရဌာနများက
ထုတ်ပြန်သောသတင်းများ၊ တင်ဒါခေါ်ယူမှုများကို Agencies' News တို့၌ ဝင်ရောက်
ကြည့်ရှုနိုင်သည်။
ယခုကဲ့သို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အဖွဲ့ဝင်များ၊ ဦးစီးဌာနများနှင့် လုပ်ငန်း
ဆောင်တာများသာမက ပြည်သူများ ရရှိနိုင်သော ဝန်ဆောင်မှုများကိုပါ eMandalay
ပေါ်တယ်တစ်ခုတည်းပေါ်တွင် စုစည်းတင်ပြထားသောကြောင့် မန္တလေးတိုင်းဒေသကြီး
အတွင်းရှိ ပြည်သူများသာမက မည်သူမဆို သိရှိလိုသော အချက်အလက်များကို တရားဝင်
ဖော်ပြထားသည့်ရင်းမြစ်မှ အချိန်မရွေးရရှိနိုင်တော့မည်ဖြစ်သည်။

















