အမ်ပီတီက FTTH ဝန်ဆောင်မှု စတင်

အမ်ပီတီက FTTH ဝန်ဆောင်မှု စတင်

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) သည် ရန်ကုန်မြို့လယ်နေရာ အချို့
အတွက် Fiber to the home (FTTH) အင်တာနက် ဝန်ဆောင်မှုအသစ်ကို စတင်ပေး
နေပြီဖြစ်ကြောင်း သြဂုတ် ၁ ရက်က ရန်ကုန်မြို့ရှိ အမ်ပီတီအမှတ်တံဆိပ် ဆူးလေ
အရောင်းဆိုင်၌ကျင်းပသည့် FTTHွွှှံ ဝန်ဆောင်မှု မိတ်ဆက်ပွဲတွင် MPT-KSGM Joint 
Operation ၊ စီးပွားရေးရာဌာန၊ Deputy Chief Commercial Officer ဦးသိန်းဟုတ်က
ပြောသည်။

အဆိုပါဝန်ဆောင်မှုကို ပုံစံနှစ်မျိုးဖြင့် ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ပြီး ပထမတစ်မျိုးသည်
အင်တာနက်မြန်နှုန်း 5Mbps အတွက် တစ်လလျှင် ကျပ် ၆၉,ဝဝဝ သာကျသင့်မည်ဖြစ်ပြီး
ဒုတိယတစ်မျိုးသည် 10Mbps အင်တာနက်မြန်နှုန်းအတွက် တစ်လလျှင် ကျပ် ၁ဝ၉,ဝဝဝ
ကျသင့်မည်ဖြစ်သည်။ ထို့ပြင် တပ်ဆင်ကြေးကို ပရိုမိုးရှင်းကာလအတွင်း ကျပ် ၁၅ဝ,ဝဝဝ
သာကျသင့်မည်ဖြစ်ရာ ယင်းပရိုမိုးရှင်း သတ်မှတ်ကာလပြီးဆုံးပါက တပ်ဆင်ကြေး
ကျပ်နှစ်သိန်း ကျသင့်မည်ဖြစ်သည်။

ယင်းတပ်ဆင်ကြေးတွင် ကေဘယ်ကြိုးတပ်ဆင်ခြင်း၊ စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်
ပေးသည့်ဝန်ဆောင်ခ၊ WiFi router တပ်ဆင်ခြင်းအတွက် ငှားရမ်းခများ ပါဝင်မည်ဖြစ်ပြီး
သုံးစွဲသူများသည် သတ်မှတ်ထားသော တပ်ဆင်ခမှလွဲ၍ မည်သည့် ထပ်တိုးဝန်ဆောင်ခ
ကိုမျှ ပေးစရာမလိုကြောင်း ဦးသိန်းဟုတ်က ပြောသည်။

ထိုဝန်ဆောင်မှုကို အသုံးပြုရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ
ပါဝင်သော ၁၂ လသက်တမ်းရှိ စာချုပ်ကိုချုပ်ဆိုခြင်းဖြင့် ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်
မည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုပေးနေစဉ် တစ်စုံတစ်ရာ လိုင်းပြတ်တောက်ခြင်း
(သို့မဟုတ်) ဖိုင်ဘာလိုင်းများ ချို့ယွင်းမှုများဖြစ်ပေါ်ပါက ပြုပြင်ခြင်းကို ၂၄ နာရီ
ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ယင်းပြုပြင်မှုများပြုလုပ်ရန် Local service provider နှစ်ခုနှင့်
ဆောင်ရွက်နေကြောင်း ဦးသိန်းဟုတ်က ပြောသည်။

အဆိုပါဝန်ဆောင်မှုကို လက်ရှိတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ ဆူးလေဘုရားအနီး
တစ်ဝိုက်တွင် စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ရာ လာမည့်နှစ် အစောပိုင်းတွင် ရန်ကုန်နှင့်
မန္တလေးမြို့များရှိ အခြားမြို့နယ်များတွင် ဝန်ဆောင်မှုကို တိုးချဲ့သွားမည်ဟုဆိုသည်။
၂ဝ၁၈ ခုနှစ် တစ်နှစ်လုံး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြားမြို့ကြီးများတွင် ဝန်ဆောင်မှုကို
ဆက်လက်တိုးချဲ့မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်