စမတ်ဖုန်းတွေခေတ်မစားလာခင် ၂ဝ၁ဝ အစောပိုင်းကာလတွေမှာ အင်တာနက်
ဘရောက်ဇာသုံးစွဲသူဦးရေရဲ့ တစ်ဝက်နီးပါးဟာ Mozilla ရဲ့ Firefox ဝက်ဘ်ဘရောက်ဇာ
ကိုပဲ သုံးစွဲခဲ့ကြတာပါ။
ဒါပေမဲ့ စမတ်ဖုန်းခေတ်ကို လွန်လာတဲ့အခါမှာ ကွန်ပျူတာနဲ့သုံးစွဲမှုလျော့ကျလာခြင်း၊
ဖုန်းထဲက နဂိုပါ ဘရောက်ဇာတွေကို သုံးစွဲကြခြင်း၊ Chrome တွင်ကျယ်လာခြင်းတို့ကြောင့်
၂ဝ၁၆ ခုနှစ်မှာတော့ Firefox သုံးစွဲသူဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ၁၅ ဒသမ ၅
ရာခိုင်နှုန်းသာ ရှိပါတော့တယ်။
၂ဝ၁၇ ထဲမှာလည်း ဆက်လက်ကျဆင်းနေဆဲဖြစ်တဲ့ သူတို့ရဲ့ ထုတ်ကုန်ကို ပြန်လည်
ကယ်တင်ဖို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပိုမိုမြန်ဆန်လာအောင် အသစ်တစ်ဖန် ပြန်လည်
ဖန်တီးခဲ့သလို Virtual Reality (VR) နည်းပညာနဲ့ပါ အသုံးပြုနိုင်စေမယ်လို့ အာမခံခဲ့
ကြတယ်။
အခု သြဂုတ် ၈ ရက်မှာ ထွက်ရှိလာတဲ့ Firefox 55 update မှာတော့ အဆိုပါစွမ်းဆောင်
ရည်ဟာ တကယ်ပါဝင်လာခဲ့ပြီဖြစ်ကြောင်း မော်ဇီလာရဲ့ တရားဝင်ဘလော့ဂ်မှာ
ကြေညာထားပါတယ်။
၄င်းဘရောက်ဇာဟာ VR headset တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
ထိုဘရောက်ဇာကို HTC Vive နဲ့ Oculus Rift headset တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး
မော်ဇီလာကတော့ VR နည်းပညာရရှိနိုင်တဲ့ ကိရိယာတွေမှာ အသုံးပြုရင် VR ပုံရိပ်တွေကို
ဝက်ဘ်ဘရောက်ဇာပေါ်မှာ ခံစားနိုင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
















