အိုင်ဖုန်းထုတ်လုပ်မှုနဲ့ လူသိများတဲ့ အက်ပဲလ်ကုမ္ပဏီဟာ နောက်ထပ်ဆိုရှယ်ပလက်ဖောင်း
ပေါ်မှာ follower တွေကို စုစည်းတဲ့အနေနဲ့ ဓာတ်ပုံအသားပေး ဆိုရှယ်နက်ဝပ်
Instagram ကို တရားဝင်အကောင့် ဖွင့်လှစ်အသုံးပြုလာပါတယ်။
ဓာတ်ပုံရိုက်ကူးမှုဟာ အိုင်ဖုန်းတွေအတွက် အရေးပါတဲ့ feature တစ်ခု၊ သုံးစွဲသူတွေကို
ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့အတွက် အခုလို ဖွင့်လှစ် အသုံးပြုလာတာဖြစ်ပြီး
www.instragram.com/apple မှာ အက်ပဲလ်ရဲ့ တရားဝင်ဓာတ်ပုံတွေကို တွေ့ရှိရမှာ
ဖြစ်ပါတယ်။
ဖွင့်လှစ်ပြီး နာရီအနည်းငယ်အတွင်း follower တစ်သောင်းကျော်ရရှိခဲ့ပေမဲ့ ၂၄ နာရီ
မပြည့်ခင်အတွင်းမှာပဲ သုံးသိန်းနီးပါးကို ရောက်ရှိလာခဲ့တဲ့ အက်ပဲလ်ရဲ့ တရားဝင်
Instagram အကောင့်မှာတော့ အမေရိကအခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ မြင်ကွင်း
တွေကို မတွေ့ရသေးဘဲ ကျပန်းတင်ထားတဲ့ ဓာတ်ပုံကိုးပုံသာ ရှိပါတယ်။
အက်ပဲလ်ဟာ ငွေမကုန်ဘဲ စျေးကွက်ကြော်ငြာတဲ့အနေနဲ့လည်း အိုင်ဖုန်းသုံးစွဲသူတွေက
#ShotoniPhone ဆိုတဲ့ Hashtag ကို အသုံးပြုပေးဖို့ အသိပေးခဲ့ပြီး အဆိုပါစာသားနဲ့
ဓာတ်ပုံတွေဟာ အက်ပဲလ်ရဲ့ တရားဝင်စာမျက်နှာပေါ် ပြန်လည်တင်ပေးတဲ့ အခွင့်အရေး
ရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရိုက်ကူးသူရဲ့ခွင့်ပြုချက်မပါဘဲတော့ တင်သွားမှာ
မဟုတ်ဘူးလို့ ဆိုထားပါတယ်။
အိုင်ဖုန်းအသစ်မိတ်ဆက်ဖို့ နီးစပ်လာတဲ့အချိန်မှာ အခုလိုလှုပ်ရှားမှုကို လုပ်ခဲ့တာက
တိုက်ဆိုင်မှုပဲလား ဆိုတာတော့ လာမယ့်လအနည်းငယ်အတွင်း အဖြေထွက်လာတော့
မှာပါ။ ဆိုရှယ်နက်ဝပ်တွေ ခေတ်စားနေတဲ့အချိန်မှာ မိုဘိုင်းဖုန်း ထုတ်လုပ်သူတွေအနေနဲ့
ပရိသတ်ကို ဆွဲဆောင်နိုင်ဖို့၊ တရားဝင်သတင်းအချက်အလက်တွေ ဝေမျှနိုင်ဖို့က ဆိုရှယ်
နက်ဝပ်တွေဟာလည်း အရေးပါတဲ့ နေရာဖြစ်ပါတယ်။

















