အစိုးရက တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးနေသော်လည်း ဈေးကွက်
လိုအပ်ချက်ပြည့်မီအောင် ပေးနိုင် ခြင်းမရှိသေးသဖြင့် ပြင်ပတွင် ကျပ်သိန်းဂဏန်း အထိ ပေါက်
ဈေးပေးဝယ်ယူနေရဆဲဖြစ်သည်။
"ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ အခုချပေးတဲ့ကတ်တွေက အရေအတွက် ကန့်သတ်
ထားတာရှိတယ်လေ။ နောက်ပြီး လိုချင်တဲ့အားထက် ကတ်ထုတ်ပေးတဲ့အားက နည်းတာကို တွေ့
ရတယ်လေ။ နည်းတဲ့အခါကျတော့ အဆမတန်ဈေးတွေဖြစ်နေတာပေါ့။ ဒီလိုဈေးတွေဆိုတာလည်း
ကိုယ်ရောင်းချင်မှ ဖြစ်တာပါ။ သူတို့ရင်းနှီးထားတာကလည်း အရမ်း ကြီး အများကြီးလည်မဟုတ်
ဘူး။ ကျပ် ၁,၅၀၀ တည်းဆိုတော့ တစ်ဖက်က ပြန်တွေးမယ်ဆိုရင်လည်း ၁၅၀,၀၀၀ နဲ့ ၁,၅၀၀
ဆိုတဲ့ ဈေးက အရမ်းကွာတယ်" ဟု Mr.Fone Telecon Center မှ အထွေထွေမန်နေဂျာ
ဦးထက်လင်းကျော်က ပြောသည်။
"အခုချိန်မှာ ၀ယ်ဖို့ပိုက်ဆံရှိတာတောင်မှ ၀ယ်လို့မရဘူး။ အဲဒါကြောင့်လည်း ဒီပြင်ပပေါက်ဈေး
ဆိုတာ ရှိတာလို့တော့ထင်ပါတယ်။ နောက်ပိုင်း အော်ပရေတာတွေက ဆင်းကတ်တွေအပြင် မှာ
ရောင်းပေးမယ်ဆိုရင်တော့ အပြင်ပေါက်ဈေးဆိုတာကြီးက ပျောက်ကွယ်သွားလိမ့်မယ်လို့ ထင်ပါ
တယ်" ဟု ၎င်းကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်ကတ်များကို ယခု နှစ် ဧပြီလမှ
စတင်ကာ ရောင်းချပေးခဲ့ခြင်း ဖြစ်သော်လည်း လစဉ် သတ်မှတ်အရေအတွက် ကိုသာ မဲစနစ်ဖြင့်
ရောင်းချပေးနေခြင်းဖြစ် သည်။ လစဉ် ဆင်းကတ် အရေအတွက် ၃၅၀,၀၀၀ ချထားပေးခဲ့ပြီး
ဩဂုတ်လတွင် ကတ် ၃၆၀,၀၀၀ ရောင်းချပေးခဲ့သည်။ ထို့ကြောင့် မိုဘိုင်းဖုန်းလိုချင်သော်လည်း
မဲမပေါက်သူများက မဲပေါက်သူများထံမှ အမြတ်ပေး ၀ယ်ယူနေကြရခြင်းဖြစ်သဖြင့် ဈေးများ မြင့်
တက်လာခြင်းဖြစ်သည်။
Mobile Country မိုဘိုင်းဆိုင်မှ ဒေါ်သီတာက "အခုချိန်သာ တန်ဖိုးနည်းဆင်းကတ်တွေကို ကျပ်
၁,၅၀၀ နဲ့ လိုသလောက် ၀ယ် လို့ ရမယ်ဆိုရင်တော့ အပြင်ပေါက်ဈေးဆိုတာ ရှိလာနိုင်မှာမဟုတ်
ဘူး။ လိုသလောက်မဝယ် နိုင်သေးသမျှကတော့ ဒီပြင်ပပေါက်ဈေးဆိုတာ ကတော့ ရှိနေဦးမှာပါပဲ။
အခုကတကယ် လိုအပ်တဲ့ သူတွေကလည်း မဲမပေါက်ပေမယ့်လည်း ရတဲ့ဈေးနဲ့ လိုက်ဝယ်နေကြ
တာပေါ့" ဟုပြောသည်။
ကျပ် ၁,၅၀၀ တန်ဖုန်းကတ်ကို မဲစနစ်နဲ့ ရရှိခဲ့သူတစ်ဦးက "ကျွန်တော် ဆင်းကတ်တွေကို တကယ်
လိုတဲ့လူတဲ့သူတွေလက်ထဲကို ရောက်စေချင်တယ်။ ဩဂုတ်လကဆို တစ်နိုင်ငံ လုံး အနေအထား
အနေနဲ့ ၃၆၀,၀၀၀ ချထားပေးခဲ့တယ်။ ဒါပေမဲ့လည်း ဖုန်းလျှောက်တဲ့သူတွေအနေနဲ့ တကယ်လို
လို့ လျှောက်တာ ပြသာနာ မရှိပါဘူး။ တချို့ဆိုရင် နှစ်သိန်းတန် ဖုန်း ၀ယ်ထားတဲ့သူတွေကလည်း
လာလျှောက်ကြတယ်။ သူတို ့မဲပေါက်ရင်ဈေးကြီးကြီးတောင်း ပြီး ဖုန်းအရမ်းလိုနေတဲ့သူတွေကို
ပြန်ရောင်း တယ်။ အဲဒီကနေစပြီးပြင်ပပေါက်ဈေးဆိုတာဖြစ်လာတာပါပဲ။ ပွဲစားတွေကြောင့် ပြင်ပ
ပေါက်ဈေးဆိုတာ ဖြစ်လာတာတစ်မျိုး၊ ကိုယ့် အချင်းချင်းကြောင့် ပြင်ပပေါက်ဈေးဖြစ်တာတစ်မျိုးနဲ့
ဒီပြင်ပပေါက်ဈေးဆိုတာကြီး ပျောက်ကွယ်သွားမယ်လို့တော့ မထင်ဘူး" ဟု ပြောသည်။
"တချို့တွေက ဖုန်းတွေကိုတစ်လုံးတည်းကိုင် တာမဟုတ်ဘဲနဲ့ နှစ်လုံးသုံးလုံးကိုင်တဲ့သူတွေ
ရှိတယ်။ တချို့တွေကလုပ်ငန်းလုပ်ဖို့အတွက်ဖုန်းဆိုပြီးတော့ နှစ်လုံးသုံးလုံးကိုင်တဲ့သူတွေရှိတယ်။
နောက်ပြီး အခုဝယ်တဲ့သူတွေကလည်းတကယ်လိုအပ်လို့ ၀ယ်တဲ့သူတွေချည်းပါပဲ" ဟု လူကြီးမင်းဖုန်းဆိုင်မှအထွေထွေမန်နေဂျာ ဒေါ်ဇာခြည်လင်းက ပြောသည်။
ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်းများကို ယခုနှစ် ဧပြီလမှ စတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်
အစိုးအရအဖွဲ့များ၏ အစီအစဉ်ဖြင့် ခွဲဝေဖြန့်ဖြူးရောင်းချပေးနေခြင်းဖြစ်ပြီး ဇူလိုင်လအထိ
အလုံးရေ ၁ ဒသမ ၄ သန်း ရောင်းချပေးပြီးဖြစ်သည်ဟု သိရသည်။ မိုဘိုင်းဖုန်းများ တိုးချဲ့တပ်ဆင်
ရန်အတွက် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့ကို အစိုးရက ရွေးချယ်ထား
သည်။

















