သတင်းအချက်အလက်နည်းပညာ (အိုင်စီတီ) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည် တစ်ပြည်
မဖြစ်မနေဖွံ့ဖြိုးတိုးတက်ရန် လိုအပ် သည့် ကဏ္ဍဖြစ်ပြီး အဆိုပါကဏ္ဍ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးရေး
အတွက် အစိုးရအနေ ဖြင့် မဖြစ်မနေ ပါ၀င်ကူညီပံ့ပိုးရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ
အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။
"အခုချိန်ဟာ တိုင်ပြည်ပြောင်းလဲမှုနဲ့အတူ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်နိုင်ဖို့ ကြီးမားတဲ့
အခွင့်အရေးရတဲ့အချိန်လို့ ယုံကြည် မိပါတယ်။ ဒါကြောင့် နိုင်ငံအတွက် လိုအပ်နေ တဲ့ အိုင်စီတီ
ကို ဒီတစ်ကြိမ်မှာမှ ကျွန်တော်တို့ မဆောင်ရွက်နိုင်ဘူးဆိုရင် နောက်နောင် မှာအောင်မြင်အောင်
လုပ်နိုင်ဖို့ ခက်ခဲသွား မယ်လို့တော့ ထင်ပါတယ်။ ဒီလိုအောင်မြင် အောင်အတွက်လည်း လိုအပ်
ချက်တွေကို အစိုးရအနေနဲ့ တကယ်တော့ မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီအနေ
နဲ့သော်လည်းကောင်း၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန အနေ
နဲ့သော်လည်းကောင်း ကူညီပံ့ပိုးပေးမယ်ဆိုတာကိုလည်း လေးလေးနက်နက်ယုံကြည်ပါတယ်" ဟု
ဦးခွန်ဦးကပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ၊ ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်
နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပုဂ္ဂလိက ကဏ္ဍ၏ နည်းပညာနှင့်
အရင်းအနှီးများ ပူးပေါင်းပါ၀င်လာမှသာ အိုင်စီတီဖွံ့ဖြိုးရေး အရှိန်အဟုန်ဖြစ်ထွန်းလာမည်ဟုပြော
သည်။
"အခုလိုအခြေအနေမှာ ခေတ်စနစ်နဲ့အညီ ဖြစ်စေဖို့ ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေ မှာ အိုင်စီတီ
ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း တွေ အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ဆောင်ချက်
တွေ ပိုမိုပါ၀င်သင့်ကြောင်း၊ အဲဒီလို အကောင်အထည်ဖော် ဆောင်ရွက်ရာ မှာလည်း ထိထိရောက်
အောင်မြင်နိုင်အောင် လုပ်ဆောင်နိုင်မယ့် ဖွဲ့စည်းပုံနဲ့ ကွန်ပျူတာ အသင်းများဖွဲ့စည်းခြင်းကိုလည်း
ကျစ်လျစ်စွာ ဖွဲ့စည်းသင့်ကြောင်း အကြံပြုတိုက်တွန်း လိုပါတယ်" ဟု ၎င်းကပြောသည်။
နိုင်ငံသားများ၏ အိုင်စီတီအသုံးပြုမှု တိုးတက်စေရန်နှင့် လုပ်ငန်းများကို အိုင်စီတီ အသုံးပြုခြင်းဖြင့်
ယှဉ်ပြိုင်နိုင်မှု စွမ်းရည်တိုး တက်စေရန်၊ အိုင်စီတီလုပ်ငန်း တိုးတက်ခြင်းဖြင့် တိုင်းပြည်၏စီးပွားရေး
ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပွင့်လင်းမြင်သာသည့် အစိုးရဖြစ်ပေါ်စေရန်၊ အိုင်စီတီဖြင့် အထောက်
အကူပြုရန်ဟူသည့် အချက်များသည် အသင်းချုပ်၏ မျှော် မှန်းချက်ဖြစ်ကြောင်း အထွေထွေအတွင်း
ရေးမှူး ဦးဇော်မင်းဦးကပြောသည်။
















