ဖက်ရှင်တွေနဲ့ လိုက်လျောညီထွေဖြစ်လာနေတဲ့ နည်းပညာ

ဖက်ရှင်တွေနဲ့ လိုက်လျောညီထွေဖြစ်လာနေတဲ့ နည်းပညာ

အင်တာနက်နည်းပညာဟာ ကမ္ဘာ့ဖက်ရှင် ကဏ္ဍနဲ့ ရောယှက်လာနေတဲ့အတွက် ပြီးခဲ့တဲ့ ရက်
သတ္တပတ်က ကျင်းပခဲ့တဲ့ ဖက်ရှင်ပြပွဲမှာ ဂူးဂဲလ်ဂလတ်စ် မျက်မှန်၊ Pebble စမတ်လက်ပတ်နာရီနဲ့
တခြားနည်းပညာပစ္စည်းအသစ်အဆန်းတွေ ၀တ်ဆင်ထားတဲ့ မော်ဒယ်တွေဟာ လျှောက်လမ်း
တစ်လျှောက် ဟန်ပါပါ လမ်းလျှောက်နေကြတာကို တွေ့ရပါတယ်။

ဒီမှာကျင်းပခဲ့တဲ့ Digital Fall ဖက်ရှင်ရှိုးပွဲဟာ ၀တ်ဆင်လို့ရတဲ့ ကွန်ပျူတာအသုံးပြုပစ္စည်း ထုတ်
လုပ်ရေးလုပ်ငန်းကို ဘီလျံဒေါ်လာ နဲ့ချီတဲ့ လုပ်ငန်းအဖြစ် ပေါ်ပေါက်လာစေဖို့ အချိန်ရောလူပါ
အားစိုက်ပြီး ကြိုးပမ်းနေတဲ့ ပထမအကြိမ် Glazed Conference ရဲ့ ပိတ်ပွဲ အဖြစ် ကျင်းပခဲ့တဲ့
ပွဲတစ်ပွဲပါ။

"နည်းပညာဆိုတာ နည်းပညာအတွက်ပဲ ဆိုတဲ့ခေတ် မရှိတော့တဲ့ပုံပါပဲ။ သုံးစွဲသူတွေဟာ အလုပ်
လည်းဖြစ် ကြည့်လို့လည်း လှတဲ့ နည်းပညာပစ္စည်းမျိုးကို လိုချင်နေကြပါတယ်" လို့ လူကြိုက်များ
နည်းပညာဝက်ဘ် ဆိုက Ubergizmo.com ပူးတွဲတည်ထောင်သူ နဲ့ ဒီဖက်ရှင်ပွဲကို စီစဉ်ပေးခဲ့သူ
Eliane Fiolet က ပြောပါတယ်။ ကုမ္ပဏီတွေကလည်း သုံးစွဲသူတွေအကြိုက် ခေတ်မီဆန်းပြားပြီး
လူတွေရဲ့ ကိုယ်ပိုင် စတိုင်ကိုလည်း ဖော်ပြနိုင်တဲ့ ပစ္စည်းမျိုးတွေ ကို ပိုပြီး ထုတ်လာနေကြပါပြီလို့
သူက ပြောပါသေးတယ်။

အသံပိုင်းဆိုင်ရာ နည်းပညာကုမ္ပဏီ Jawbone ဟာ စမတ်ဖုန်း၊ တက်ဘလက်နဲ့လက်တော့ပ်
ကွန်ပျူတာတွေနဲ့ ကြိုးမဲ့ဆက်သွယ်အသုံးပြုနိုင်တဲ့ ကြိုးမဲ့စပီကာ Jambox တွေကို သုံးစွဲသူတွေ
အကြိုက် အရောင်အမျိုး မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ နိုက်ကီကုမ္ပဏီကလည်း သုံးစွဲသူတွေ
ကိုယ်ပိုင်အားကစားဖိနပ်ဒီဇိုင်း ထုတ်လို့ ရအောင် သူ့ရဲ့ဝက်ဘ်ဆိုက်မှာ စီစဉ်ပေးထား ပြီး ကျန်းမာ
ကြံ့ခိုင်ရေးအတွက် နေ့စဉ်ပြုလုပ်နေတဲ့ အားကစားလှုပ်ရှားမှုတွေကို တိုင်းတာဖို့ ကိုယ်မှာ တပ်ဆင်
ထားတဲ့ ပစ္စည်းတွေနဲ့လိုက် ဖက်တဲ့ အားကစားဝတ်စုံ တချို့ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

"ဖက်ရှင်နဲ့ နည်းပညာ ပေါင်းစပ်မှုတွေကို ပိုပြီး တွေ့လာရတော့မှာပါ။ အခုတော့ အစပဲ ရှိပါသေး
တယ်" လို့ Fiolet က ပြောပါတယ်။ ဆန်ဖရန်စစ္စကိုနဲ့ ဆီလီကွန်ဗယ်လီမှာ ဖက်ရှင် ပစ္စည်းတစ်
ခုဖြစ်လာနေတဲ့ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ဂူးဂဲလ်ဂလတ်စ်မျက်မှန်ကို ထုတ်လုပ်နိုင်ခဲ့တာ
ဂူးဂဲလ်ရဲ့ အောင်မြင် မှုတစ်ခုပဲလို့ သူက သတ်မှတ်ထားပါတယ်။ "လူသားတွေရဲ့ တိုးတက်ပြောင်း
လဲမှုဖြစ်စဉ် က နောက်ထပ်အဆင့်တစ်ဆင့်ကို ကျွန်တော် တို့ ရောက်လာကြတာပါ" လို့ Glazed
  Conference စီစဉ်သူလည်းဖြစ်၊ ၀တ်ဆင်လို့ ရတဲ့ ကွန်ပျုတာသုံးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်း
ပိုမိုအားကောင်းလာရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်ခဲ့ရာ Stained Glass Labs ကုမ္ပ
ဏီ ပူးတွဲတည်ထောင်သူ Redg Snodgrass က ပြောပါတယ်။

"စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဖက်ရှင်အဝတ်အစားတွေကို စိတ်မဝင်စားတဲ့သူတွေ မဟုတ်ကြ
တော့ပါဘူး" လို့ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ တွစ်တာရုံးချုပ်ကနေ သိပ်မဝေးတဲ့ ကလပ်တစ်ခုမှာ ဖက်
ရှင်ရှိုးပွဲကျင်းပနေတာနဲ့ ပတ်သက်ပြီး သူကပြောကြားခဲ့ပါတယ်။

"သူတို့ဟာ ကန့်သတ်ချက်တွေထဲကနေ ဖောက်ထွက်လာကြပါပြီ။ နည်းပညာအရ စွဲမက်စရာ
ကောင်းတဲ့ဘယ်ပစ္စည်းမဆို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါတွေကို ဒါအဝတ်အစားဖက်ရှင်တွေ
နဲ့ တွဲဖက်ပြီး ထုတ်လုပ်လာကြပါတယ်"လို့ သူက ပြောပါတယ်။ အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှု
တွေကို တိုင်းတာနိုင်တဲ့ UP နဲ့ Fitbit လို ကျန်းမာကြံ့ခိုင်ရေး ပစ္စည်းတွေဟာ အဆင်တန်ဆာ
အဖြစ် အသုံးဝင်တဲ့ ကွန်ပျူတာပစ္စည်းတွေရဲ့ အစောပိုင်းပစ္စည်းတွေဖြစ်ပြီး ရုပ်ရှင်တွေနဲ့ ဂိမ်းတွေ
ဟာ ဒါနဲ့ပတ်သက်ပြီး အောင်မြင်မှုရမယ့် ကဏ္ဍမျိုး ဖြစ်လာနိုင်တယ်လို့ Snodgrass က ပြောပါ
တယ်။

တစ်ရက်တာကျင်းပခဲ့တဲ့ Glazed Conference ဟာ အဆင်တန်ဆာအဖြစ် ၀တ်ဆင်လို့ရတဲ့
ကွန်ပျူတာတွေ ထုတ်လုပ်ရာ မှာ ဘယ်လိုပစ္စည်းတွေ ထုတ်လုပ်ကြမယ်၊ သုံးစွဲသူတွေ အကြိုက်
တွေ့စေမယ့် ပစ္စည်းတွေ ထုတ်လုပ်ပြီး ၀င်ငွေကောင်းကောင်းရအောင် ဘယ်လိုလုပ်ကြမယ်ဆို
တာတွေ အဖြေရှာနိုင်ဖို့ အတွက် စီးပွားရေးလုုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တခြားစိတ်ဝင်
စားသူတွေ စုစည်းနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

"သူတို့ဟာ ဒီပွဲကို တက်ရောက်ရုံတက် ရောက်လာကြတာ မဟုတ်ပါဘူး။ သူတို့ဖန်တီး ထားတဲ့
၀တ်ဆင်လို့ရတဲ့ ကွန်ပျူတာပစ္စည်းတွေကိုလည်း ဒီပွဲမှာ ပြသခဲ့ကြပါတယ်"လို့ Glazed
Conference ကို တက်ရောက်လာသူတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

တက်ရောက်လာသူတွေထဲမှာ သူ့ကိုယ်သူ ဆိုက်ဘာနည်းပညာရှင်လို့ဆိုသူ တိုင်လာဖရီးမန်းက
တော့ Drum Pants ကို ၀တ်ဆင်ပြီး ပွဲတက်လာပါတယ်။ သူ့ရဲ့ ဒရမ်ဘောင်းဘီက တော့ အာရုံ
ခံကိရိယာတွေ အဝတ်သားအောက် မှာ ထည့်ချုပ်ထားတာဖြစ်ပြီး သူ့ခြေထောက် အနှံ့ ရိုက်လိုက်
ရင် ဒရမ်သံတွေ စည်းချက်အလိုက် ထွက်ပေါ်လာပါတယ်။ ဒီဘောင်းဘီ တွေ အဝတ်ဗီရိုထဲမှာ
နေရာရလာလိမ့်မယ်လို့ သူက ခန့်မှန်းပြောကြားခဲ့ပါတယ်။

"ဒါကို အစိုးရကျောင်းတွေမှာတော့ တားမြစ် ခံရဖို့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်မှု
ရမှာ သိပါတယ်" လို့ သူက ပြော ပါတယ်။ ဒရမ်ဘောင်းဘီကို လက်နဲ့ပုတ်ပြီး စမတ်ဖုန်း တွေဆီ
ကြိုးမဲ့စနစ်နဲ့ အချက်အလက်တွေ ပေးပို့ လို့ရပြီး ဒီတိုင်း ရိုက်လိုက်ရင်တော့ အီလက်ထရွန်းနစ်
ပေါင်းစပ်သံတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ခြေထောက်ကို အသာလေး ထိ လိုက်ရင်တော့
ပါ၀ါပွိုင့်ရှင်းလင်းပြသမှုတွေပြုလုပ်နိုင်သလို ဂူးဂဲလ်ဂလတ်စ် ကင်မရာနဲ့ ဓာတ်ပုံရိုက်တာတွေလည်း
ပြုလုပ်နိုင်တယ်လို့ ဖရီးမန်းက ပြောပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်