လူမှုကွန်ရက်ပေါ်မှာ ပေါင်းစည်းမိနေပြီဖြစ်တဲ့ အာဆီယံ

လူမှုကွန်ရက်ပေါ်မှာ ပေါင်းစည်းမိနေပြီဖြစ်တဲ့ အာဆီယံ

နိုင်ငံရေး၊ စီးပွားရေးပြဿနာ အများအပြားရှိ နေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ သူတို့ နမူနာ
ယူတဲ့ ဥရောပသမဂ္ဂလို အသားကျ ပေါင်းစည်းမိဖို့ ဝေးကြောင်း သုံးသပ်တာတွေရှိပေမယ့် အွန်လိုင်း
လူမှုကွန်ရက်ပေါ်မှာတော့ အာဆီယံ ၁၀ နိုင်ငံစလုံးက လူပေါင်း နှစ်သိန်းကျော် ပေါင်းစည်းမိနေတာ
ရှိပါတယ်။

အာဆီယံအသိုက်အဝန်း (ASEAN Comm-unity)ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဒီနေ့အထိ ၁၀ နိုင်ငံ
စလုံးက လိုက်ခ် (Like) လုပ် ချိတ်ဆက်သူ လူ ၂၀၀ယဝဝ၀ ကျော်တို့ ဆုံရာအဖြစ် အောင်မြင် တဲ့
ကွန်ရက်တစ်ခု ဖြစ်နေပြီး အာဆီယံအတွင်း ရေးမှူးချုပ်ရုံးရဲ့ တရားဝင်အသိအမှတ်ပြုမှု လည်း ဒီနှစ်
ဩဂုတ်လမှာ ရထားပါတယ်။

၂၀၁၁ မှာ စာမျက်နှာစပြီးတဲ့နောက် တစ်ရက် ကို ကွန်ရက်ဝင် ရာဂဏန်း တိုးနေကာ ကျယ်ပြန့်
လာတဲ့အတွက် တပည့်များ အာဆီယံ ဗဟုသုတ ရရုံရည်ရွယ်စတင်ခဲ့သူ တက္ကသိုလ်ဆရာ
Jirapat (ထိုင်းနိုင်ငံ)ဆီက လက်လွှဲပြီး တစ်နိုင်ငံ အများဆုံးငါးယောက်နဲ့ အာဆီယံလူငယ်
စေတနာ့ဝန်ထမ်း ၄၁ ဦးက ကွန်ရက် တာဝန်ခံ အက်ဒ်မင် (admin) အဖြစ်လုပ်ကိုင်နေပါတယ်။

စနေ၊ တနင်္ဂနွေမပါ နှစ်နိုင်ငံတစ်တွဲ တစ်ရက်စီ အလှည့်ကျ ကိုယ့်နိုင်ငံ၊ သူ့နိုင်ငံအကြောင်း ဓာတ်ပုံ
နဲ့ ဗဟုသုတများတင်၊ မေးခွန်းဖြေ၊ ဆဲဆို မှုတွေကို ဖြေရှင်းရင်း အွန်လိုင်းကနေ 'အာဆီယံ ပေါင်း
စည်းမှုအိပ်မက်' ကို အကောင်အထည် ဖော်ကြတာ ဖြစ်ပါတယ်။

မြန်မာတိုင်း(မ်)ရဲ့ အီးမေးလ်အင်တာဗျူးကို ဖြေဆိုတဲ့ အက်ဒ်မင်အဖွဲ့ အလှည့်ကျခေါင်းဆောင်
အပါအဝင် ၁၀ နိုင်ငံက အက်ဒ်မင်လူငယ် ၂၀ စလုံးက အာဆီယံပေါင်းစည်းမှု အိပ်မက်ဟာ
သတ်မှတ်ထားတဲ့ ၂၀၁၅ မမီနိုင် ပေမယ့် 'ဒေသသာယာဖွံ့ဖြိုးရေးအတွက် ဒီလို ပေါင်းစည်းမှုဟာ
လိုအပ်ချက်တစ်ခု' လို့ သဘော ထားပြီး အကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ကြောင်း
ပြောဆိုကြတယ်။

"အာဆီယံအသိုက်အဝန်းကို ယုံကြည်ပါ တယ်။ အာဆီယံပြည်သူတွေလည်း ညီညွတ်ပြီး
တူညီတာတွေလည်း အများကြီးရှိတယ်။ အချင်းချင်း ရင်းနှီးနီးစပ်မှု ရှိတယ်ဆိုတာလည်း
သိနေကြပါပြီ" လို့ မလေးရှားအက်ဒ်မင် Hareez Haiqal က ပြောတယ်။ ဒီမိုကရေစီ၊ ဘုရင်စနစ်၊
ကွန်မြူနစ်စနစ်အထိ နိုင်ငံရေးစနစ်အမျိုးမျိုးရှိပြီး ဖွံ့ဖြိုးပြီး First World တိုင်းပြည်ကနေ ဖွံ့ဖြိုးမှု
အနည်းဆုံး LCD နိုင်ငံများအထိ စီးပွားရေးအခြေအနေ ကွာခြားတဲ့၊ ဘာသာရေးမှာလည်း စုံလင်
အားကောင်းတဲ့ ဒေသတွင်း ၁၀ နိုင်ငံကို နိုင်ငံရေး လုံခြံုရေး၊ စီးပွားရေးနဲ့ လူမှုယဉ်ကျေးမှုအဖြစ်
ကဏ္ဍသုံးပိုင်းခွဲကာပေါင်းစည်းရေး အစီအစဉ် ရှိတဲ့အနက်က ဒီလူငယ်များက လူမှုယဉ်ကျေးမှု
ကဏ္ဍကနေ အာဆီယံပြည်သူအချင်းချင်းရင်းနှီး ပေါင်းစည်းရေး ပါ၀င်ကြိုးပမ်းတာ ဖြစ်ပါတယ်။

"ပြည်သူတွေနဲ့ လူထုအဖွဲ့အစည်းတွေ မပါဘဲ အာဆီယံအသိုက်အဝန်း ရည်မှန်းချက် တွေ
မအောင်မြင်နိုင်ဘူးဆိုတာ သဘောပေါက် နေကြပါပြီ" လို့ မြန်မာအက်ဒ်မင် ခင်မောင်သန်းက
ဆိုတယ်။ ဒေသတွင်းပြည်သူများကို အာဆီယံသူ အာဆီယံသား (ASEANERS) လို့ သုံးနှုန်းပြီး
အာဆီယံအသေးစားလို့ သူတို့တင်စားတဲ့ ဒီလူငယ်အက်ဒ်မင်အဖွဲ့ရဲ့ ကြိုးပမ်းချက်နဲ့ ပေါင်းစည်း
မိလာတဲ့ ကွန်ရက်ဝင် နှစ်သိန်းကျော်ကြား မှာ အထက်ပါ ကွဲပြားမှုနဲ့ ပြည်တွင်းပြဿနာ တွေရဲ့
ဂယက်ကို ရင်ဆိုင်ရတာ မြင်တွေ့ရတယ်။ "ဗီယက်နမ်က ဆိုးဝါးကြောင်း comment တွေဖတ်ရင်း
ငိုမတတ် ဖြစ်ရတာအများကြီးပဲ" လို့ ဗီယက်နမ်အက်ဒ်မင် Nguyen Hoang Minh Dang က
ဆိုတယ်။


 

"ရခိုင်အရေးအခင်းတုန်းကတော့ AC Page မှာ အတော် ဂယက်ရိုက်ခဲ့ပါတယ်။ ကျွန်မ တို့ မြန်မာ
အက်ဒ်မင်တွေ တင်တဲ့ status တိုင်းမှာ ဆို ဆဲတဲ့ comment တွေ၊ ရန်ဖြစ်တဲ့ comment တွေ
ချည်းရေးလာခဲ့လို့ စိတ်ညစ်ခဲ့ရပါသေး တယ်" လို့ မြန်မာအက်ဒ်မင် အေးမို့မို့ချစ် က ပြောတယ်။

စင်ကာပူအက်ဒ်မင် Mohammad Azri Bin Sabari ကတော့ နိုင်ငံတွေပေါ်မှာ လူတိုင်း သူတို့အမြင်
နဲ့ သူတို့ရှိတာ မထူးဆန်းကြောင်းဆိုပြီး လာအို အက်ဒ်မင် Sakthavy ကတော့ 'ရှော့တ်(short)
ရှိတဲ့' နိုင်ငံရေး၊ ဘာသာရေးအကြောင်းတွေတင်ရင် ပြဿနာဖြစ်လွန်းတဲ့ အတွက် မတင်ဖြစ်အောင်
ရှောင်တယ်လို့ဆို တယ်။ ဒီပြဿနာအတွက် အာဆီယံအဖွဲ့ကြီးရည်မှန်း တဲ့ "Harmony, Unity,
Peace, Prosperity" 'ဟန်ချက်ညီမျှ၊ ညီညွတ်၊ ငြိမ်းချမ်း၊ ကြွယ်ဝ ချမ်းသာ' ဆိုတဲ့အခြေအနေကို
ရောက်နိုင်အောင် ကွန်ရက်အတွင်း အပြုသဘောဆောင် တဲ့ အကြောင်းအရာတွေကိုပဲ ဖြန့်ဝေဖို့
အက်ဒ်မင်တွေက မူချခဲ့တယ်လို့ ဆိုပါတယ်။

"နိုင်ငံတိုင်းမှာ ပြည်တွင်းပြဿနာတွေရှိတာ သိတာပေါ့။ ကျွန်တော်တို့အားလုံး လိုအပ်တာ က
ညီညွတ်ဖို့ပဲ" လို့ ဖိလစ်ပိုင်အက်ဒ်မင် Gerry Bautista က ပြောတယ်။ "တစ်နိုင်ငံကို မကောင်း
ပြောရင် တစ်ခါ တလေ ကိုယ်ပိုင်စာမျက်နှာထိတောင် လာတိုက် ခိုက်ကြလို့ ဖိလစ်ပိုင်ရဲ့ မကောင်း
တဲ့အပိုင်း၊ တခြား အာဆီယံနိုင်ငံတွေရဲ့နိုင်ငံရေးအခြေ အနေဆိုးပုံတွေကို မတင်ဖို့ ဆုံးဖြတ်တာပါ"
လို့ လည်း Gerry Bautista ဒီမူအကြောင်း ရှင်းပြ ပါတယ်။

မြန်မာနိုင်ငံက အာဆီယံကျွမ်းကျင်သူတစ်ဦး ဖြစ်တဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှု ၀န်ကြီးဌာန (စီမံ/စီးပွား)၊ အမျိုးသားအာဆီယံယူနစ်မှ အငြိမ်းစားညွှန်ကြားရေးမှူး
ဒေါ်တင်တင်ထွေးက ပြဿနာများ အတွင်း အဆိုပါအပြုသဘောဆောင်ချဉ်းကပ် မယ့်မူကို
သဘောကျတယ်လို့ ဆိုတယ်။ "လူငယ်တွေ အာဆီယံကို ယုံကြည်တာရော၊ ဒီလိုလုပ်နေတာရော
သိရတာ အရမ်းဝမ်းသာ တယ်။ နိုင်ငံတိုင်းမှာ ပြဿနာတွေ အများကြီး ရှိတာ သိတာပေါ့။
အကောင်းကိုပဲ အပြုသဘောဆောင်ပြီးတော့ပဲ ပြောတာကောင်းတယ်" လို့ ပြောတယ်။

ဒေသညီညွတ်ရေးကို ရှေးရှုပေမယ့် အာဆီယံလူကြီးတွေကြားမှာပင် နိုင်ငံစီးပွားအင်အား၊ နိုင်ငံရေး
အနေအထားအရ စတည်ထောင်သူ ခြောက်နိုင်ငံ (ASEAN6) နဲ့ နောက်မှအဖွဲ့ဝင် သူ ကမ္ဘောဒီး
ယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) တို့အဖြစ် နှစ်စုဆန်ဆန် သဘောရှိပြီး ပေါင်းစည်းမိစ
အက်ဒ်မင်လူငယ်အဖွဲ့နဲ့ ကွန်ရက်ဝင်တွေ ကြားမှာလည်း ဒီဂယက်ကို ဆက် တွေ့နေရပါတယ်။
"တချို့နိုင်ငံတွေက ဖွံ့ဖြိုးမှုတို့၊ ပညာရေးတို့ မှာ သူတို့က ပိုကောင်းတယ်ထင်နေကြတာတော့
ငြင်းမရဘူး" လို့ ဘရူနိုင်းအက်ဒ်မင် Hareef က ဆိုတယ်။

"နိုင်ငံတချို့က စိတ်ဝင်စားတာချင်း၊ သမိုင်းနောက်ခံချင်း တူတယ်။ ဥပမာ CLMV နိုင်ငံတွေ၊
မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း နိုင်ငံတွေ၊ နောက်ခံ မတူတဲ့ နိုင်ငံတွေဆို တချို့ က
သိပ်စိတ်မဝင်စားဘူး။ ကောင်းကောင်း လည်း နားမလည်ဘူး။ အဲတော့ နိုင်ငံချင်း အပြိုင်အဆိုင်
ပြုချင်တာ၊ စကားနိုင်လု ရန်ဖြစ် တာတွေ ဖြစ်တာပေါ့။ ယဉ်ကျေးမှုတို့၊ အစား အသောက်တို့ကို
ဝေဖန်ချင်တာ ပြဿနာ မရှိ ဘူး။ တကယ် နားမလည်သေးလို့ပြောတာဆို တာ သိတယ်။

သိအောင် ပြောပြဖို့က အက်ဒ်မင် တွေရဲ့ တာဝန်။ "ဒါပေမဲ့ အမျိုးသားရေးကိစ္စကျတော့ တကယ်
စိတ်ရှုပ်ရတယ်။ အမျိုးသားရေးစိတ်က အာဆီယံတစ်ခုတည်းဆိုပြီး ပေါင်းစည်းနိုင်ဖို့ အတွက်
တကယ့် အတားအဆီးပဲ" လို့ Hareef က ရင်ဖွင့်တယ်။ နိုင်ငံတကာအစည်းအဝေးအများအပြား
ကို နိုင်ငံကိုယ်စားပြုတက်ရောက်ပြီး အာဆီယံ ဆိုင်ရာအထူးကျွမ်းကျင်သူ မြန်မာနိုင်ငံမှ စီမံ/
စီးပွားဝန်ကြီးဌာန၊ အငြိမ်းစားအကြံပေး ဒေါက်တာဒေါ်ခင်အုန်းသန့်က နိုင်ငံများကြား အမျိုးသား
ရေးသဘောထား၊ ပြိုင်ဆိုင်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အများအပြားကြံုရကြောင်း ပြောပြီး ဒီအခြေ
အနေတွေနဲ့ပတ်သက်တဲ့ အရာ အားလုံးအပေါ် မဆိုင်းမတွ တုံ့ပြန်မှုပေးဖို့ မလိုအပ်ဘူးလို့
ဆိုပါတယ်။


 

"နိုင်ငံအချင်းချင်း အပြိုင်အဆိုင်တွေ၊ ခွဲခြား ဆက်ဆံတာတွေ ရှိပါတယ်။ ပြောတာ မေးတာ တွေ
ရှိတယ်။ အကုန်လုံးကို တုံ့ပြန်ဖို့ မလိုပါ ဘူး။ လူငယ်အားလုံးအနေနဲ့ ဗဟုသုတရှိရှိ၊ အခြေအနေ
သိသိနဲ့ လုပ်ကိုင်နိုင်စေချင်တယ်" လို့ သူက ဆိုပါတယ်။

အက်ဒ်မင်လူငယ်အဖွဲ့အတွင်းမှာလည်း တစ်လကို အနည်းဆုံးတစ်ကြိမ် video conf-
erence ထိုင်ပြီး အက်ဒ်မင်တွေ၊ ကွန်ရက်ဝင် တွေ ရင်းနှီးညီညွတ်ရေး၊ ကွန်ရက်ကျယ်ပြန့်ရေး၊
အာဆီယံပေါင်းစည်းမှု တိုးတက်ရေးစည်းဝေး ပေမယ့် ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ အမျိုး သား
ရေးနဲ့ ကိုယ့်နိုင်ငံ ဂုဏ်တက်အောင် အလှ ဆုံးဓာတ်ပုံတွေ၊ ကောင်းကွက်တွေနဲ့ အပြိုင် အဆိုင်
ကြွားလုံးထုတ်လေ့ ရှိတတ်ပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ နိုင်ငံအလိုက် ကြော်ငြာထုတ် တဲ့ ဆောင်ပုဒ်ကလေးတွေနဲ့ ကြွေးကြော်ကြ တယ်။
လာအို အက်ဒ်မင်တွေက သူတို့နိုင်ငံကို Simply Beautiful လို့ ဆိုတယ်။ အင်ဒိုက Wonderful
Indonesia ၊ ထိုင်းက Amazing Thailand လို့ ဆိုတယ်။ ဗီယက်နမ် အက်ဒ်မင် တွေက သူတို့နိုင်
ငံကို The Timeless Charm လို့ ဆိုပြီး ဖိလစ်ပိုင်က It is more fun in Philippines လို့ ဆိုတယ်။
ကျန်သုံးနိုင်ငံရဲ့ ကြွေးကြော်သံကို မတွေ့ရသေးဘဲ ကမ္ဘောဒီးယားက Wonderful Kingdom လို့
ကြွေးကြော်ပြီး မြန်မာကတော့ Mystical Myanmar လို့ ဆိုပါတယ်။

အင်ဒိုနီးရှားအက်ဒ်မင် Sanjaya Mulia က နိုင်ငံအလိုက် အပြိုင် အဆိုင်ဆိုတာရှိမှာပဲလို့ သဘော
ထား တယ်။ "ဒါပေမဲ့ အက်ဒ်မင်တွေ တစ် ယောက်ကို တစ်ယောက်ထိန်းဖို့၊ ကူညီ ဖို့၊ အမှားလုပ်မိ
ရင် သတိပေးဖို့ အမြဲ ကြိုးစားပါတယ်" လို့ Sanjaya Mulia က ဆိုတယ်။

"အက်ဒ်မင်တွေကြား အပြိုင်အဆိုင် မရှိပါဘူး။ အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်း မပြိုင်ပါဘူး။
လာအိုက သူတို့ မိုဘိုင်းဖုန်း 4G Network အကြောင်း တင်တုန်းကတော့ တိတ်တိတ်လေး
မခံချိမခံသာ ဖြစ်ဘူးတယ်" လို့ မြန်မာ အက်ဒ်မင် သီဟဝင့်အောင်က ဆို တယ်။

"ကျွန်တော်တို့ အက်ဒ်မင်တွေက မိသားစုလို အလုပ်လုပ်တာပါ။ သဘော ထားမတူလို့ ငြင်းရပြီ
ဆိုရင်လည်း ညှိနှိုင်းကြပါတယ်။ များသောအားဖြင့် agree to disagree သဘောထားတွေတူမှာ
မဟုတ်ဘူးဆိုတာ လက်ခံကြပါ တယ်" လို့လည်း သူက ဆိုပါတယ်။

အဆိုပါကွဲပြားမှုများ၊ ပြည်တွင်း ပြဿနာများရှိလျက်ပဲ အေစီကွန်ရက် ကမူ အသိုက်အဝန်းတစ်ခု
အဖြစ် ပုံပေါ် လာတာဖြစ်တယ်လို့ ထိုင်းအက်ဒ်မင် Boon က ဆိုပါတယ်။ "ဒေသထဲမှာ တစ်ခုခုဖြစ်
တာနဲ့ ကွန်ရက်ဝင်တွေရဲ့ ဖြန့်ဝေမှုတွေနဲ့ ကျွန်တော်တို့ကွန်ရက်က အမြန်ဆုံးသိပြီး ပြောပေးနိုင်တာ
ခဏ ခဏပဲ။ ဒါကိုက အသိုက် အဝန်းတစ်ခုပဲ" လို့ ဆိုတယ်။

အက်ဒ်မင်အဖွဲ့အလှည့်ကျခေါင်း ဆောင် ကမ္ဘောဒီးယားအက်ဒ်မင် Vanna Hay ကလည်း အေစီ
ကွန်ရက် အွန်လိုင်းအသိုက်အဝန်းအပေါ် US Mission to ASEAN နဲ့ UK Business Council တို့ရဲ့
အသိအမှတ်ပြုမှု ရရှိ ထားပြီလို့ ဆိုပါတယ်။ ကျယ်ပြန့်နေဆဲ အေစီကွန်ရက်အပြင် အွန်လိုင်းပြင်ပ
မှာပါ အသိုက်အဝန်းတစ်ရပ် စနိုင်အောင် ကွန်ရက် ၀င်များနဲ့ နိုင်ငံအလိုက်ကော်မတီဖွဲ့ပြီး အာဆီ
ယံဆိုင်ရာ အခြားလှုပ်ရှားမှုများ၊ အာဆီယံဆိုင်ရာ တက္ကသိုလ်နဲ့ အခြေခံ ပညာ ကျောင်းသူကျောင်း
သားကွန်ရက်များ စသည်တို့ ဆောင်ရွက်နိုင်အောင် အက်ဒ်မင်အဖွဲ့က ဆောင်ရွက် နေတယ်လို့
လည်း ပြောပါတယ်။

"အေစီကွန်ရက်က အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ ပူးပေါင်းပြီး ၄၆ နှစ်မြောက် အာဆီယံနှစ်ပတ်
လည်နေ့ ဓာတ်ပုံပြိုင်ပွဲ ကျင်းပပြီးခဲ့ပြီ။ နောက်ပိုင်း နိုင်ငံအလိုက် ကော်မတီဖွဲ့ပြီး ACNetworksလို့
အမည်ပေးမယ်။ အစိုးရပိုင်းအဖွဲ့အစည်းတွေနဲ့ပါ ချိတ် ဆက်ပြီး လူငယ်လူလတ်ပိုင်းတွေအတွက်
စွမ်းရည်မြှင့်တင်မယ့် နေရာတစ်ခုဖြစ်ဖို့ ရည်ရွယ်တယ်" လို့ Vanna Hay က ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်