"ဟဲလို... ကြားလား...ဟဲလို...ဟဲလို...ကြားရလား..." ဟူ၍သာ ပြောလိုက်ရပြီး တစ်မိနစ်ကုန်
ဆုံးကာ ဖုန်းဘေလ်ထဲမှ ငွေကျပ် ၅၀ ကုန်ဆုံးသွားသည့်ဖြစ်ရပ်များ မြန်မာနိုင်ငံ အနှံ့ အပြားတွင်
မဖြစ်ဖူးသူ မရှိသလောက်ပင် ရှားပါး လှသည်။
မည်သည့်အတွက်ကြောင့် ဖြစ်ရ သနည်း၊ လက်ကိုင်ဖုန်း၏ အရည်အသွေးညံ့ ခြင်း သို့မဟုတ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝါတိုင်များ၊ စက်များ၏ အရည်အသွေးညံ့ ခြင်းစသည်တို့မှ
လွဲ၍ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်သား ပြည်သူတို့ လွယ်
ကူပြေပြစ်စွာ အသုံးပြုနိုင်ရေးအတွက် စီးပွားရေးဆန်ဆန် စီစဉ်ဆောင်ရွက်ခြင်းဟူ၍ မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းတာဝန်များထဲတွင် ထည့်သွင်းထားသော်လည်း လက်တွေ့မှာမူ
အသုံးပြုရခြင်း လွယ်ကူသော်လည်း အဆင်ပြေစွာ အသုံးပြုနိုင် ခြင်း မရှိသေးပေ။
ထို့ပြင် ဆက်သွယ်ရေးလိုင်း များကို ကောင်းမွန်ချောမွေ့စွာ ၀န်ဆောင်မှု မပေးနိုင်ခြင်းများကြောင့်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသော တာဝန်များကို ပြည်
သူများအတွက် ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
မြန်မာ့မိုဘိုင်းဖုန်းကဏ္ဍကို ကျပ်သိန်း ၃၀ ကျော်အထိ တန်းဖိုးနှုန်းသတ်မှတ်ထားသည့် ဆယ်လူ
လာဖုန်းများဖြင့် ဖွင့်လှစ်ပေးခဲ့မှုမှာ မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ ဆယ်လူလာ ဖုန်းလိုင်းများမှာ
ကျပ်ဆယ်သိန်းမှ သိန်းနှစ်ဆယ်အထိ တန်ဖိုးများရှိ ခဲ့သောကြောင့် ထိုအချိန်က အဆိုပါ ဖုန်း
များကို လုပ်ငန်းရှင် သူဌေးများနှင့် ငွေကြေးချမ်းသာသူ များသာ အသုံးပြုနိုင်ခဲ့သည်။
ထိုသို့ ငွေကြေးအမြောက်အမြားပေးကာ ငှားရမ်းအသုံးပြုခဲ့ရသော်လည်း ဖုန်းအဆက်အသွယ်
လုပ်ရာတွင် အလွန်ပင်ခက်ခဲသောကြောင့် ပေးခဲ့ရသည့် ငွေပမာဏနှင့် ထိုက်တန်သော ၀န်ဆောင်
မှု မျိုးကို ပြည်သူများထံသို့ ပေးအပ်ခြင်းမရှိခဲ့မှုကြောင့် စိတ်ပျက်ခဲ့ရကြောင်း ဆယ်လူလာဖုန်း ကို
အသုံးပြုခဲ့သူ မြောက်ဒဂုံမှ မငြိမ်းငြိမ်းက ပြောသည်။
ဆယ်လူလာဖုန်းများ နောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင်သာ အသုံးပြု နိုင်သော
ခြင်းဖုန်းဟု လူသိများသည့် စီဒီ အမ်အေဖုန်းများကို ချထားပေးခဲ့ပြီး ကျပ်ဆယ်သိန်းဝန်းကျင်
အထိ တန်ဖိုးများ မြင့်မားခဲ့သည်။ သို့သော် ခေါ်ဆိုခမှာမူ မြို့တွင်းခေါ်ဆိုပါက ၁၅ ကျပ်သာ
ပေးရပြီး နယ်ဝေးခေါ်ဆိုပါက ၂၅ ကျပ် အထိသာ ပေးခဲ့ရသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
သိရသည်။
"အဲဒီဖုန်းက ဈေးတော်တော်ကြီးတယ်။ ဆက်သွယ်နိုင်မှု အခြေအနေကလည်း အခု ခေတ်ဖုန်း
တွေလိုပဲ။ အဲဒီခေတ်တုန်းက ခြင်းဖုန်း က မြန်မာနိုင်ငံမှာ ဈေးအသက်သာဆုံးပဲ"ဟု ခြင်းဖုန်း
အသုံးပြုခဲ့သူ တစ်ဦးဖြစ်သည့် မြေနီကုန်းမှ ဦးဉာဏ်ဝေထွန်းက ပြောသည်။
ခြင်းဖုန်းများ ချထားပေးမှု နောက်တွင် ဂျီအက်စ်အမ်ဖုန်းများ၊ ကမ်းရိုးတန်းဖုန်းဟု လူသိများသော
စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ် ဖုန်းလိုင်းများကို ငွေကျပ်ဆယ်သိန်း အထက် ၀န်းကျင်များဖြင့်
ချထားပေးခဲ့ပြီးနောက် ဈေးများထက်ဝက်ကျသွားခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်းတွင်
ကျပ်ငါးသိန်းတန် စီဒီ အမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းလိုင်းနှင့် ၄၅၀ မဂ္ဂါဟတ်ဇ်ဖုန်းလိုင်းများ၊
ကျပ်နှစ်သိန်းခွဲတန် ဒဗလျူစီဒီအမ်အေဖုန်းလိုင်းနှင့် ကျပ်နှစ်သိန်း တန် ဂျီအက်စ်အမ်ဖုန်းလိုင်းများ
ချထားပေးခဲ့ သည်ဟု မြန်မာ့ဆက်သွယ်ရေး မှတ်တမ်းများ အရ သိရသည်။
ထိုသို့ တန်ဖိုးများ အလွန်မြင့်မားနေရာမှ ၂၀၁၃ ခုနှစ်တွင် ဆင်းမ်ကတ်တန်ဖိုးကို ၁,၅၀၀ ကျပ်
အထိ လျှော့ချလိုက်သည့်အတွက် ပြည်သူ များ ၀မ်းသာခဲ့ကြသော်လည်း အစိုးရ၏ ဆင်းမ်
ကတ်ချထားပေးမှု စနစ်ကြောင့် မြန်မာပြည်သူ များသည် ဆင်းမ်ကတ်တစ်ကတ်ရရှိရန် ကံတရား
ကို အားကိုးရသည့် အဖြစ်ကို ရောက်ရှိခဲ့ရသည်။
ဆင်းမ်ကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲတမ်းဖြင့် ချထားပေးကာ သက်ဆိုင်ရာ
ရပ်ကွက် အသီးသီးက မဲစနစ်ဖြင့် ငှားရမ်းချထားပေးနေသည့် စနစ်သည် ယနေ့ အချိန်ထိ ရှိနေဆဲ
ပင်ဖြစ်သည်။
စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်မှ ကျပ် ၁,၅၀၀ တန် ဖုန်းမဲပေါက်ခဲ့သူ ကိုသီဟက
"ကျွန်တော်ပေါက်တဲ့ဖုန်းက စီဒီအမ်အေပါ။ လိုင်းရဲ့ အရည်အသွေးကတော့ အတော်အသင့်ထက်
နိမ့်တယ်။ ဘေလ်ပြန်ဖြည့်တဲ့အခါမှာ ငါးခေါက်လောက် အနည်းဆုံး ပြန်ရိုက်နေရ တာက အဓိက
ပြဿနာပဲ"ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းချထားပေးသည့် ဖုန်းလိုင်းများ၏ အဓိကအားနည်းချက်နှစ်
ချက်မှာ ဆက်သွယ်ရေးလိုင်းများ မကြာခဏ ချို့ယွင်းနေခြင်း၊ အင်တာနက်ကွန်နက်ရှင် နှေးကွေး
ခြင်းတို့ပင် ဖြစ်သည်။
မိုဘိုင်းဖုန်းများတွင် အင်တာနက်အသုံးပြုနိုင် ရန် အနည်းဆုံး ငွေကျပ်တစ်သောင်း ကနဦး ပေး
ဆောင်ရပြီး အသုံးပြုခများအနေဖြင့် တစ်မိနစ်လျှင် နှစ် ကျပ်၊ လေး ကျပ်စသဖြင့် ပေးဆောင်နေ
ရသည်။
"မြန်မာ့ဆက်သွယ်ရေးက ဖုန်းတွေက ၀န်ဆောင်မှု ညံ့တယ်၊ အင်တာနက်ကွန်နက်ရှင် ကလည်း
မကောင်းတော့ တယ်လီနောတို့က ရောင်းလာရင် နောက်ကောက်ကျ ကျန်နိုင် တယ်။ ဒါပေမဲ့
သူပြိုင် ကိုယ်ပြိုင်ဝန်ဆောင် မှု ကောင်းကောင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ပြည်သူတွေက
ရွေးချယ်ကောင်း ရွေးချယ်ကြမှာပေါ့"ဟု ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် က ပြောသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသည် ၂၀၁၂ ခုနှစ်တွင်
မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို အဆင့်မြှင့်မည် ဟူသော ရည်ရွယ်ချက်ဖြင့် အော်ပရေတာများ
ကို တင်ဒါ ခေါ်ယူခဲ့ပြီး ပြည်ပမှ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၀၀ နီးပါး ၀င်ရောက်ယှဉ်
ပြိုင်ခဲ့သည်ဟု ၀န်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။
အဆိုပါ ကုမ္ပဏီ များထဲမှ နော်ဝေနိုင်ငံမှ တယ်လီနောကုမ္ပဏီ၊ ကာတာနိုင်ငံမှ အော်ရီဒူးကုမ္ပဏီ
တို့ကို ဆက်သွယ်ရေး အော်ပရေတာများအဖြစ် ရွေးချယ်ခဲ့ပြီး အရန်အော်ပရေတာကုမ္ပဏီအဖြစ်
အောရိန့်ချ်ကုမ္ပဏီကို ရွေးချယ်ခဲ့သည်။ ယခုနှစ်တွင် တယ်လီနောကုမ္ပဏီနှင့် ကာတာ နိုင်ငံမှ
အော်ရီဒူးကုမ္ပဏီတို့ကို လုပ်ငန်းများ စတင်နိုင်စေရန်အတွက် ဆက်သွယ်ရေးလိုင်စင် များကို
၀န်ကြီးဌာနက ပေးအပ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီနှစ်ခုက ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များကို ပြည်သူ
များအား အသိပေးခဲ့သည်။
ခြောက်လ အတွင်း ဆင်းမ်ကတ်များ ရောင်းချမည်ဟု ကြေညာခဲ့ကာရောင်းချမည့် အရေအတွက်
မှာလည်းပထမအဆင့်တွင် သန်း ၃၀ ဖြစ်သည် ဟု ကြေညာခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ၏ မိုဘိုင်းလောကတွင် ကြီးစိုးထားသော ဏြွှ ဟု လူသိများသော မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်ပအော်ပ ရေတာများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ပြည်ပ
ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေပြီး ပြည်သူများအတွက် ကောင်းမွန် သော
၀န်ဆောင်မှုများပေးနိုင်ရန် ဆောင်ရွက် နိုင်တော့မည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်
အလက်နှင့် နည်းပညာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။
သို့သော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အများပြည်သူများသို့ ငှားရမ်းချထားပေးသော ဖုန်းလိုင်း
များသည် ဈေးနှုန်းမြင့်မားခြင်း၊ ဆက်သွယ်မှုရရန်လည်း ခက်ခဲခြင်း၊ ဘေလ်ဆောင်ရမှုများနေခြင်း၊
အင်တာနက်ကွန်နက်ရှင်နှေးခြင်း၊ တန်ဖိုးနည်းအဖြစ် ရောင်းချပေးခဲ့ သည့် အချိန်ကာလကလည်း
မဲစနစ်ဖြင့် ဖြစ်သော ကြောင့် မသမာမှုများ ဖြစ်ခဲ့ရခြင်း၊ လွတ်လပ်စွာ ၀ယ်ယူခွင့် မရခြင်းများ
ကြောင့် အဆင့်မြှင့်မည်ဆိုပါကလည်း ဆက်လက်မသုံးစွဲရန် ဆုံးဖြတ်ထားကြောင်း အလုံမြို့နယ်မှ
ကိုလှိုင်ထွန်းက ပြောသည်။
"ဘယ်လောက်ပဲ အရည်အသွေးမြှင့်မြှင့် ကျွန်တော်ကတော့ ဆက်သွယ်ရေးက ဖုန်းတွေ ကို
မသုံးဖို့ကို စိတ်ဆုံးဖြတ်ထားပြီးပါပြီ။ အခု လက်ရှိကတော့ ကိုယ့်အတွက်မသုံးမဖြစ်လို့ သုံးနေ
ရပါတယ်"ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းကဏ္ဍတွင် မြန်မာ့ဆက်သွယ်ရေးလုပ်
ငန်းနှင့် ရတနာပုံတယ်လီ ပို့ကုမ္ပဏီတို့ကလည်း အော်ပရေတာအဖြစ် ဆောင်ရွက်မည်ဖြစ်သည့်
အတွက် ဆက်သွယ် ရေး အော်ပရေတာ လေးခုအထိရှိလာတော့မည် ဖြစ်ရာ ပြည်သူများသည်
၎င်းတို့ကို အကောင်းဆုံးဝန်ဆောင်မှုပေးမည့် အော်ပရေတာကို လွတ်လပ်စွာရွေးချယ်နိုင်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
"ပြည်သူတွေကတော့ သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းပေးတဲ့ အော်ပရေတာတွေကိုပဲ
ရွေးချယ်ကြမှာ ဖြစ်တဲ့အတွက် ကိုယ့်အော်ပရေတာက အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်
မယ့် အော်ပရေတာဖြစ်အောင် ကြိုးစားရမှာပေါ့" ၎င်းက ပြောသည်။
ပြည်သူများ၏ နှစ်သက်သဘောကျမှု အလွန်အားနည်းလျက်ရှိသော မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းသည် ရှေ့လုပ်ငန်းစဉ်များတွင် ပြည်သူ များအတွက် ကောင်းမွန်သော ၀န်ဆောင်မှုများ
ကို အခြားအော်ပရေတာများထက် မနိမ့်ကျဘဲ ပေးနိုင်မှသာ ပြည်သူများက လက်ခံအသုံးပြုနိုင်
ဖွယ်ရှိပြီး သို့မဟုတ်လျှင် ပြည်သူအများစု၏ ကျောခိုင်းစွန့်ခွာခြင်းကို ခံသွားရနိုင်သည်။

















