ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ သက်ဆိုင်ရာအဖွဲ့ အစည်းများက e Government ဖွံ့ဖြိုးတိုးတက်
အောင် ဆောင်ရွက်လျက် ရှိသော်လည်း အင်တာနက်လိုင်းများ ခက်ခဲနေခြင်းက အဓိက အတား
အဆီးတစ်ခုဖြစ်နေသည်ဟု သက်ဆိုင် ရာ ဒေသကိုယ်စားလှယ်များက မတ်လ ၁၈ ရက် နေ့က
ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ICT 4 M တွင်ဆွေးနွေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့်လည်း လက်ရှိဆက်သွယ်ရေး ကွန်ရက်မှာ အတော် အားနည်း
နေပြီး အင်တာနက်ကွန်နက်ရှင်မှာလည်း သုံးမရသောအနေအထား၌ ရှိနေကြောင်း စစ်ကိုင်းတိုင်း
ဒေသကြီး မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇော် ဇော်မိုးက ပြောသည်။
"ကျွန်တော်တို့က အင်တာနက်အသုံးပြုဖို့ အတွက်ကို လိုင်းကဘယ်အချိန်တက်လာမလဲဆိုတာ
ကို စောင့်ကြည့်ရတဲ့ အနေအထားဖြစ် နေတယ်။ ကျွန်တော်တို့ ဒီမှာ အခြေခံအဆောက် အအုံက
တော်တော်ကြီးကိုအားနည်းနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ e Government ဆွေးနွေး ပွဲလေး
တစ်ခုမှာ ဆက်သွယ်ရေးက တိုင်း မန်နေဂျာတစ်ဦးနဲ့တွေ့တော့ ဖိုင်ဘာဆက် ကြောင်းကို အဓိက
လုပ်ဆောင်ပေးဖို့တော့ တိုင်ပင်ထားကြတယ်။ ဒါပေမဲ့ ဒီပရောဂျက် အတွက် ကုန်ကျစရိတ်က
အရမ်းများတဲ့အတွက် ကြောင့်လည်း ရှေ့ဆက်သွားဖို့ တိုင်ပင်ညှိနှိုင်းနေပါတယ်" ဟု ၎င်းက
ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွက်မူ အခြေခံအဆောက်အအုံများ အဆင်သင့်ဖြစ်နေပြီဟု
သိရကြောင်း မန္တလေးတိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဖြစ်သူ ဒေါ်သီရိ ခေတ်
က ပြောသည်။
"ပြီးခဲ့တဲ့ e Government ကော်မတီဆိုပြီး တော့ ဆက်သွယ်ရေးက အစည်းအဝေးလုပ်ကြ တော့
သူတို့ရှင်းပြတာကတော့ ကျွန်မတို့ မန္တလေးမြို့နယ် ၂၈ မြို့နယ်ရှိတဲ့အထဲမှာ မြို့နယ် တော်တော်
များများမှာတော့ internet access ကို ရောက်နေပြီ။ ရောက်ပုံရောက်နည်းက တော့
တချို့နေရာတွေက ဖိုင်ဘာလိုင်း ဖြတ် တယ်။ တချို့နေရာတွေက ဘရော့ဘန်းရှိမယ်။
တချို့နေရာတွေက ADSL ရှိမယ်။ ဒါတွေက လက်ရှိတော့ သွယ်တန်းထားပြီးပြီ။ အဲဒီတော့
e Government ကို အကောင်အထည်ဖော်ဖို့ အတွက် အခြေခံအဆောက်အအုံကတော့
အဆင်သင့်ဖြစ်နေပြီလို့တော့ ဆက်သွယ်ရေးက ပြောပါတယ်" ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအနေနှင့်မူ မိုဘိုင်းဖုန်း အင်တာနက်ကွန်နက်ရှင် အလွန်အားနည်း
လျက်ရှိပြီး အချို့နေရာများတွင် ဆက်သွယ်မှု မမိ ခြင်းများ ရှိသေးကြောင်း ဧရာဝတီတိုင်းဒေသ
ကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောသည်။
လက်ရှိ အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံ ၏ e Government ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ နောက်
ဆုံးအဆင့်တွင် ရောက်ရှိနေသည်။ "ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးရဲ့ သုံးသပ်ချက် အရ၊ သူတို့ရဲ
စစ်တမ်းကောက်ချက်အရ သူတို့မှာ e Government ကိုအမှတ်ပေးတဲ့ဟာတွေရှိပါ တယ်။
အဲဒီထဲမှာ ၀က်ဘ်ဆိုက်တွေ ဘယ်လောက် ကောင်းတယ်။ e service တွေ ဘယ်လောက်ဖြစ်
အောင် လုပ်ထားလဲစသဖြင့် ဒါတွေအားလုံးကို အကဲဖြတ်အမှတ်ပေးတဲ့ထဲမှာ ဒီ e Government
တစ်ခုပါပါတယ်။ ဒီမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ က တစ်ကမ္ဘာလုံး အနေနဲ့ယှဉ်ပြီးကြည့်ရင်
အမှတ်က သိပ်ပြီးမကောင်းလာဘူး။ နောက်ဆုံး နားမှာ ဖြစ်နေပါတယ်" ဟု မြန်မာနိုင်ငံကွန်ပျူတာ
အသင်းချုပ်၊ e Government Committee ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသောင်းစုငြိမ်းက ဆွေးနွေး
ပြောကြားခဲ့သည်။
















