မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သော နော်ဝေအခြေစိုက်
တယ်လီနောသည် ၎င်း၏ ကိုးနက်ဝက်ခ်ပေါ်တွင် အခြေခံ၍ အဆင့်မြင့် ဆက်သွယ်ရေး
နည်းပညာစနစ် စမ်းသပ်ချက်တစ်ခုကို ဧပြီလ ရ ရက်နေ့တွင် တယ်လီနော်၏ ဒေတာစင်တာမှ
၁၄ မိုင်ခန့် (၂၂ ကီလိုမီတာ) ကွာဝေးသော ရန်ကုန်တိုင်း ဗဟန်းမြို့တွင်းရှိ တယ်လီနော
ရုံးချုပ်ထံသို့ ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းဖြင့် စမ်းသပ်မှုအောင်မြင်ခဲ့သည်။
ဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်ပြီး အသံဖြင့်ခေါ်ဆိုခြင်းစမ်းသပ်မှု၊ ဗွီဒီယို ကွန်ဖရန့်စင်းစနစ်
(Video Conferencing) ဟုခေါ်သော ဖုန်းခေါ်ဆိုမှုစနစ်ကို အခြေခံထားပြီး ရုပ်နှင့် အသံ
တွဲဖက်ကာ ရှုမြင်နားဆင်နိုင်သည် တစ်ဖက်နှင့် တစ်ဖက် အဆက်အသွယ်ပြုလုပ်နိုင်သော
အရပ်အခေါ်အဝေါ် ရုပ်ကြည့်စကားပြောခြင်း စနစ်စသည်တို့ကို ၎င်းတို့၏ ကိုးနက်ဝက်ခ်ပေါ်တွင်
အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။
ဗွီဒီယို ကွန်ဖရန့်စင်းစနစ်သည် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ဒဗလျူစီဒီအမ်အေ မိုဘိုင်းဖုန်း
အချင်းချင်းတွင် စတင်အသုံးပြုနိုင်သော စနစ်ဖြစ်သော်လည်း တွင်ကျယ်ခဲ့ခြင်းမရှိပေ။
ယခုအခြေအနေတွင် တယ်လီဖုန်းကိုင်ဆောင်သူများသည် အဆိုပါစနစ်ကို အင်တာနက်လိုင်း
များမှတဆင့် အသုံးပြု၍ရသော်လည်းပဲ အဆင်ပြေပြေသုံးစွဲနိုင်ခြင်းမရှိကြောင်း သိရသည်။
"ခေါ်လို့တော့ရတယ် ဒါပေမဲ့ အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ ညဘက်ဆိုရင် အင်တာနက်
လိုင်းအား မကောင်းဘူးလေ။ ရုပ်ကလည်းထစ်နေတယ်။ အသံကလည်း နောက်ကျတယ်"ဟု
အင်တာနက်စနစ်ဖြင့် ဗီဒီယိုဖုန်းခေါ်ဆိုလေ့ရှိသော ဖုန်းအင်တာနက် အသုံးပြုသူတစ်ဦးက
ပြောကြားခဲ့သည်။
ကိုးနက်ဝက်ခ် (Core Network / Network Core) ဆိုသည်မှာ ဆက်သွယ်ရေးကွန်ယက်တွင်
အဓိကကျောရိုးမတစ်ခုဖြစ်ပြီး၊ ၎င်းသည် ကွန်ယက်ချိတ်ဆက်ရာတွင် မည်သည့်ကွန်ယက် အမျိုး
အစားကိုမဆို ဆက်သွယ်ချိတ်ဆက်နိုင်သည့် မက်စ် တိုပိုလိုချီ (Mesh-Topology) ဆိုသော
နည်းပညာပါရှိ၍ ၎င်းကွန်ယက်အခွဲတွင် ဆပ်နက်ဝက်ခ် (Sub Network)နှင့် လစ်ဖ်နက်ဝက်ခ်
(Live Network) တို့ ရှိသည်။
အချို့လုပ်ငန်းခွင်ကြီးများတွင် မိမိကိုယ်ပိုင် ကိုးနက်ဝက်ခ်များကို အသုံးပြုကြလေ့ရှိကြောင်း
သိရသည်။ တစ်နိုင်ငံလုံးဖြန့်ကျက်ပေးနိုင်သော တယ်လီနော်၏ ကိုးနက်ဝက်ခ်ကို တည်ထောင်
ပေးသော ကုမ္ပဏီတစ်ခုမှာ ဟွာဝေးဖြစ်သည်။ ယခုကဲ့သို့စမ်းသပ်မှုတွင် တယ်လီနောပိုင်
ကိုးနက်ဝက်ခ် ပေါ်တွင် ဒေတာ အကူးအပြောင်းလုပ်ခဲ့ခြင်းဖြစ်သည်။
















