လွှတ်တော်ထဲမှာ အတိုက်အခံအင်အားစုတစ်ခု ထူထောင်ဖို့ မှန်းထားတဲ့ ဒေါက်တာအေးမောင်

လွှတ်တော်ထဲမှာ အတိုက်အခံအင်အားစုတစ်ခု ထူထောင်ဖို့ မှန်းထားတဲ့ ဒေါက်တာအေးမောင်

ပြည်သူ့လွှတ်တော်အမတ်နေရာ လစ်လပ်မဲဆန္ဒနယ်ဖြစ်တဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ
ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်း လေးဦးအနက် ယနေ့အစောပိုင်းထိ ရရှိတဲ့
မဲရလဒ်တွေအရ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာအေးမောင်
က မဲအပြတ်နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

အမတ်နေရာ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ထဲရောက်သွားရင် ဘယ်လို ကိစ္စတွေ ဆောင်ရွက်
မလဲ ဆိုတဲ့အပေါ် မြန်မာတိုင်းမ်ကနေ ဒေါက်တာအေးမောင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ လက်ရှိအခြေအနေအရ ပြည်သူ့လွွှတ်တော်ထဲ ရောက်ဖို့ များသွားပြီပေါ့လေ။ ဆိုတော့
ပြည်သူ့လွှတ်တော်ထဲ ရောက်သွားရင် ပထမဦးဆုံး ဘာများလုပ်ဖို့ စဉ်းစားထားလဲဗျ။

ဖြေ။ အခြေအနေကြည့်ရမှာပေါ့ဗျာ။ ပထမအချက်က ကျွန်တော်တို့ အတိုက်အခံ အင်အားစုတစ်ခု
ကို ထူထောင်မယ်လို့ မှန်းပါတယ်။ လက်ရှိအစိုးရကို ထောက်ပြဝေဖန်တာတွေ ခိုင်ခိုင်မာမာလုပ်
သွားမှာပေါ့။ နောက်တစ်ခုက ပြည်ထောင်စုဘတ်ဂျတ်ကို ပြောင်းချင်တာပါ။ ပြည်နယ်/တိုင်းအစိုးရ
ကို ပေးတဲ့ ဘတ်ဂျက်ကို ပြည်ထောင်စုဘတ်ဂျက်ဖြစ်အောင်ပေါ့ဗျာ။ အဲလိုတော့ စိတ်ကူးထားတယ်။
ချက်ချင်းပြောဖို့ကတော့ ခက်ပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့်လုပ်မှာပေါ့။

မေး။ ဒေါက်တာအေးမောင်က အမ်းဒေသခံမဟုတ်ပေမယ့် ခု အမ်းဒေသခံတွေရဲ့ မဲပေးမှုရလဒ်
ကြောင့် နိုင်တဲ့အဆင့်ကို ရောက်လာတာဆိုတော့ အမ်းဒေသခံတွေအတွက် ဒေါက်တာအေးမောင်
ပေးနိုင်တဲ့ ကတိက ဘာဖြစ်မတုန်းဗျ။

ဖြေ။ အမ်းကလည်း ရခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အမ်းဒေသလိုပဲ မဖွံ့ဖြိုးတဲ့ ရခိုင်
မြို့နယ်ပေါင်း များစွာ ရှိပါတယ်။ အမ်းဒေသလိုပဲ တပ်မတော်ရဲ့ မြေယာသိမ်းဆည်းခြင်းခံရတဲ့
မြို့နယ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က ရခိုင်ပြည်နယ်ကို ပြန်တည်ဆောက်မှာဗျ။
တိုင်းရင်းသားဒေသအားလုံး မဖွံ့ဖြိုးမှု အခြေအနေက လွတ်မြောက်အောင် ကျွန်တော်တို့ ကြိုးစား
မှာပဲ။ ဒါ ရည်မှန်းချက်ပါပဲ။

မေး။ အခုက လွှတ်တော်ထဲမှာ အင်န်အယ်ဒီက အများစုရှိနေတာဆိုတော့ ကိုယ်လုပ်ချင်တာ
တင်ပြချင်တာတွေ ပီပီပြင်ပြင် လုပ်ဆောင်တင်ပြနိုင်မယ် ထင်လားဗျ။

ဖြေ။ ဒါကတော့ အင်န်အယ်ဒီရဲ့ သမိုင်းပါပဲ။ ငါတို့ လွှမ်းမိုးထားလို့ ငါတို့လုပ်ချင်တာ လုပ်မယ်
ဆိုရင် တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုက အခုထက်ပိုပြီး ပြိုကွဲမှာပေါ့။ မျှတတဲ့ ခံစားချက်၊
ပြည်ထာင်စုဆန်တဲ့ ယုံကြည်ချက်လေးတွေ လက်ရှိအစိုးရမှာ ပိုရှိရင် ပိုကောင်းတာပေါ့ဗျာ။
ပြည်ထောင်စုလို့ပြောပြီး ကိုယ့်ဘက်က ဘယ်လောက် အနစ်နာခံမလဲ ဆိုတာမျိုး စဉ်းစားတတ်
တဲ့ စိတ်ခံမရှိရင် ဘယ်လိုလုပ်ဆွေးနွေးမှု အောင်မြင်မလဲဗျာ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။
လှုပ်လှုပ်ရှားရှားဖြစ်မယ့် လွှတ်တော်ဖြစ်အောင်တော့ ကျွန်တော်တို့ဖန်တီးသွားမှာပါ။

မေး။ အမ်းက ရခိုင်ပြည်နယ်ထဲမှာ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာအကောင်းဆုံးမြို့လို့ ပြောလို့
ရတာပေါ့။ ဆိုတော့ စီးပွားရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အမ်းဒေသအတွက် ဘာတွေ စဉ်းစား
ထားတာရှိလဲဗျ။

ဖြေ။ အဲဒါကတော့ နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီနဲ့ဆိုင်ပါတယ်။ အမ်းက ရခိုင်ပြည်နယ်မှာ
အကျယ်ပြန့်ဆုံးမြို့နယ်ပါ။ ရခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ယနေ့ထိတော့ တည်
ဆောက်ခွင့်မရှိ သေးဘူးပေါ့။ ကျွန်တော်တို့ မျှော်မှန်းထားတာတော့ စိုက်ပျိုးရေး ပုံစံပြောင်း
ရမယ်။ မွေးမြူရေးပုံစံပြောင်းရမယ်။ အဲဒီအတွက် နိုင်ငံတော်ရဲ့ ကမကထပြုမှု အများကြီးလို
တာပေါ့။ ဘတ်ဂျက် အများကြီးလိုတာပေါ့။

မေး။ အမ်းက အရင်တုန်းက ပြည်သူတွေ ကန့်ကွက်လို့ ရပ်ထားတဲ့ အမ်းချောင်း ရေအား
လျှပ်စစ်စီမံကိန်းရှိတယ်။ အဲဒီစီမံကိန်းအပေါ် ဒေါက်တာအေးမောင်ရဲ့ သဘောထားက
ဘယ်လိုရှိတုန်းဗျ။

ဖြေ။ ကျွန်တော်ကတော့ လက်ခံတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုတာမျိုးက
တော့ ပညာရပ်ပိုင်းဆိုင်ရာ ပြန်ပြီး တွက်ချက်ရမှာပေါ့။ ပြန်သုံးသပ်ရမှာပေါ့။

မေး။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါက်တာအေးမောင် လွှတ်တော်ထဲ ရောက်လာရင်
ရခိုင်ပြည်နယ်ထဲက လူမျိုးရေးပဋိပက္ခတွေမှာ အစွန်းရောက်မှု ပိုမိုများပြားလာခြေရှိတယ်
လို့ စိုးရိမ်ကြတယ်။ အဲဒီအပေါ် ဒေါက်တာအေးမောင်အနေနဲ့ ဘာများပြောချင်တုန်းဗျ။

ဖြေ။ ကျွန်တော်တို့ ဗမာပြည် လွတ်လပ်ရေးယူတာ အမျိုးသားရေးစိတ်ဓာတ်လေဗျ။ သခင်
မျိုးဟေ့ ဒို့ဗမာကြောင့် အင်္ဂလိပ်ခေတ်ကနေ လွတ်လပ်ရေးယူနိုင်တာပေါ့။ အမျိုးသားရေးကို
မကာကွယ်ရင် ကျွန်တော်တို့လူမျိုးလည်း ပျောက်သွားမှာ။ နိုင်ငံလည်းပျောက်သွားမှာပေါ့။
အဲဒီတော့ ကျွန်တော်တို့ နှစ်ပေါင်း ၅ဝဝဝ ကျော် ပိုင်လာတဲ့ ပြည်နယ်ကြီးကို ဘယ်အပျက်
ခံမလဲဗျ။ ရန်သူမျိုး ငါးပါးကို ကာကွယ်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ တွေးတာနဲ့
ကျွန်တော်တို့ တွေးတာမတူဘူး။ ကျွန်တော်တို့က ကိုယ့်နိုင်ငံ ကိုယ့်ဒေသလုံခြံုမှုကိုတွေးမှာ
ပဲ။ ကျွန်တော်တို့က မူရင်းနိုင်ငံသားပဲ။ လူဝင်လူထွက်ပြသနာကို မကာကွယ်နိုင်တဲ့ အစိုးရ
ကြောင့် ဖြစ်လာတဲ့ ပြသနာကို ကျွန်တော်တို့က ခုခံကာကွယ်ရမှာပဲဗျ။ အမျိုးသားရေးစိတ်ဓာတ်
ကြောင့် ဒီနိုင်ငံ၊ ဒီဒေသက တည်တံ့နေတာလေဗျ။  ရေရှည်အတွက်လည်း တစ်မျိုးသားလုံးနဲ့
ဆိုင်တဲ့ မူ ကျွန်တော်တို့မှာ ရှိပါတယ်။

မေး။ ဒေါက်တာအေးမောင်က ၂ဝ၁ဝ တုန်းက ကြီးခြောက်ကြီးထဲ ပါခဲ့တာဆိုတော့ ခုတစ်ခေါက်
ပြည်သူ့လွှတ်တော်ထဲ ပြန်ရောက်ရင် ရခိုင်တပ်မတော်နဲ့ ပတ်သက်ရင် ဘယ်လို သဘောထား
ရှိလဲဗျ။

ဖြေ။ သဘောထားကတော့ ငြိမ်းချမ်းရေးဆိုရင် အားလုံးပါဝင်ရေးမူပါပဲ။ အားလုံးပါဝင်ရမယ်။
ပြည်တွင်းစစ် ရပ်ရမယ်။ ပြည်တွင်းစစ်ဖြစ်ရခြင်းအကြောင်းက ကိုင်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်
ရပိုင်ခွင့် ဆိုတာကြောင့်ပဲလေ။ အဲဒီအတွက် အစိုးရဟာ တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်ကို
အလေးအနက်ထားဖို့ လိုတယ်။ အလေးအနက်အထားတဲ့အတွက် ပြည်တွင်းစစ်က ဆက်ရှိနေ
တာပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ဖန်တီးပေးဖို့ လိုအပ်တယ်။

မေး။ ဖြည့်စွက်ပြောချင်တာများ ရှိသေးလားဗျ။

ဖြေ။ မရှိပါဘူး။