ဘုန်းကြီးကျောင်းဆောင်ပေါ်သို့ အုတ်နံရံ ပြိုကျမှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

ဘုန်းကြီးကျောင်းဆောင်ပေါ်သို့ အုတ်နံရံ ပြိုကျမှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ဇေယျမင်္ဂလာ
ကျောင်းတိုက်ဝင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ ဧပြီလ ၂၈ရက်နေ့ နံနက် ၃နာရီ အချိန်ခန့်က
လွယ်ဟိန်း ကုမ္ပဏီပိုင် အဆောက်အအုံအုတ်နံရံ ပြိုကျမှုကြောင့် ကျောင်းဆောင်အတွင်းရှိ
သံဃာများ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကာ ရဟန်းတစ်ပါး ပျံလွန်တော်မှုသွားကြောင်း
သိရှိရသည်။

အုတ်ကျင်းဘူတာရုံလမ်း ဇေယျမင်္ဂလာကျောင်းတိုက်နှင့် ကပ်လျက်ရှိ စက်မှုဝန်ကြီးဌာနပိုင်
လွယ်ဟိန်းကုမ္ပဏီမှ ငှားရမ်းထားသော ဘီစကွတ်စက်ရုံ(၂) ၀င်း အတွင်း နှစ်ပေါင်း ၆၀ကျော်
သက်တမ်းရှိ အလျား ပေ ၁၂၀နှင့် အမြင့် ၂၅ပေ၊ ထုထည် ၁၀လက်မရှိ အဆောက်အအုံ၏
ဘေးဘက်အုတ်နံရံ၌ ကပ်ပေါက်နေသော ညောင်ပင်လဲကျမှုကြောင့် ကျောင်းဆောင်အတွင်းရှိ
ကျိန်းစက်နေသော သက်တော် ၅၀နှစ်အရွယ်ရှိ အရှင်စန္ဒောဘာသ(၀ါတော် ရ၀ါ )မှာ အုတ်နံရံပိ၍
အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး သက်တော် ၄၀နှစ်အရွယ်ရှိ အရှင်ခေမာသီရီ(၀ါတော် ရ၀ါ)
တွင် တံတောင်ဆစ်နှင့် ဦးခေါင်းတို့ ပွန်းပဲ့ဒဏ်ရာများ ရှရှိခဲ့ကြသည်။

"နံနက်စော ၃နာရီ ၀န်းကျင်လောက်က ဖြစ်တာ။ ၀ုန်းကနဲဆိုမြည်ပြီး မြေကြီးတောင် တုန်ခါသွား
တယ်။ ပထမတော့ သာမန်သစ်ပင်လဲကျတာလောက်ပဲ ထင်ထားတာ။ အိပ်ရာက ထကြည့်တော့
ကျောင်းဆောင်တစ်ခုလုံး ပြိုကျပြီး မီးတွေပြတ်သွားတာ တွေ့ရတယ်။ အဲဒီပိတဲ့ အထဲမှာ လွတ်တဲ့
ကိုယ်တော်အချို့ ထွက်လာကြတယ်။ နှစ်ပါးပိနေတယ်။ တစ်ပါးကတော့ ပွန်းပဲ့ရုံလောက်ပဲ ဒဏ်ရာ
ရတယ်။ အခုပြန်လွန်တော်မူသွားတဲ့ ကိုယ်တော်ကတော့ အုတ်နံရံပြားအောက်မှာ တစ်ကိုယ်လုံး
လုံးဝပိနေပြီး ခြေထောက်လောက်ပဲ လှမ်းမြင်ရတယ်။ ကျောင်းနဲ့ ဟိုဘက်က အဆောက်အအုံရဲ့
အုတ်နံနဲ့က ခြံစည်းရိုးပဲ ခြားတယ်၊ ကပ်လျက်ပဲ။နံရံက ၁၀လက်မလောက်ထူပြီး ပေ ၂၀ကျော်
လောက်မြင့်တယ်" အဆိုပါကျောင်းတိုက်ရှိ အရှင်ဉာဏိန္ဒက မိန့်ကြားသည်။

"အခုလောလောဆဲတော့ လွယ်ဟိန်းကုမ္ပဏီဘက်က တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လုပ်
နေတယ်။ သူတို့ဘက်မှာရှိတဲ့ အဆောက်အအုံရဲ့ ပြိုကျ ပျက်စီးမှုကြောင့် ဖြစ်တာဆိုတော့ ဘက်
လိုတာဝန်ယူ ဆောင်ရွယ်ပေးမယ်ဆိုတာ တုန့်ပြန်ပြောကြားခြင်း မရှိသေးဘူး" ဟု ၄င်းက ထပ်မံ
မိန့်ကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး လှိုင်မြို့နယ်ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ရ/၂၀၁၄ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။