တရုတ်နိုင်ငံရှိ စတိုးဆိုင်တစ်ဆိုင်တွင် အလုပ်အကိုင် ရရှိမည်ဟု အမျိုးသမီးတစ်ဦးကို
ယုံကြည်အောင် စည်းရုံးပြောဆိုခေါ်ဆောင်သွားခဲ့ပြီး ယွမ်လေးသောင်းဖြင့် ရောင်းချခဲ့သည့်
အမျိုးသမီး နှစ်ဦးကို အလုပ်နှင့်ထောင် ဒဏ် ၁၀ နှစ်စီကျခံစေရန် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး
က မေလ ၈ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
အမှုဖြစ်ပွားပုံမှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊
(၈)ရပ်ကွက်နေ ဒေါ်မြတ်မြတ်လွင်နှင့်ဒေါ်ခင်စန်းရီတို့နှစ်ဦးသည် တစ်ရပ်ကွက်တည်းနေ
အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံရွှေလီမြို့ရှိ စတိုးဆိုင်တစ်ဆိုင်၌ တစ်လလျှင် ကျပ် နှစ်သိန်း
နှင့် နေ့စဉ်ဘောက်ဆူးငွေ ကျပ် တစ်သောင်း ရရှိမည်ဖြစ်ကြောင်း ယုံကြည်အောင် စည်းရုံး
ပြောဆိုခဲ့ပြီး ရွှေလီမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့သို့ခေါ်ဆောင်သွားပြီး နောက် မေလ ၁၅ ရက်နေ့တွင် ဖခင်ဖြစ်သူက သမီးဖြစ်သူ တရုတ်ပြည်၌
ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းနံပါတ်ကို ရရှိခဲ့သဖြင့် အင်တာနက်ဆိုင်မှတစ်ဆင့် ဆက်သွယ်ခဲ့ရာ
ဒေါ်မြတ်လွင်က တရုတ်ပွဲစားများနှင့် ဆက်သွယ်ကာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံ
ယွမ် လေးသောင်းဖြင့် ရောင်းချခဲ့ကြောင်း သိရသဖြင့် သမီးဖြစ်သူကို ရောင်းစားခဲ့သူ နှစ်ဦးအား
အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့သို့ တိုင်ကြားခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်များအရ ဒေါ်မြတ်မြတ်လွင်နှင့် ဒေါ်ခင်စန်းရီ တို့ကို
မြောက်ဥက္ကလာပမြို့မရဲစခန်းက(ပ)၆၆၃/၁၂ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၂၄ ဖြင့်
အမှုဖွင့်ကာ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့မှုဖြစ်သည်။
အမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားသူကြီး(၇)၏ စီရင်ချက်တွင် "အမျိုးသမီးငယ်ကို
အလုပ်လုပ်ချင်အောင်စည်းရုံးပြီး တရုတ်နိုင်ငံ လျိုဇက်ကျေးရွာရှိ တရုတ်အမျိုးသား လျှိုထန်းနွမ်း
ဆိုသူနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားရန်အတွက် တရုတ်နိုင်ငံရှိ လူပွဲစားများနှင့်
ရောင်းချခဲ့ခြင်းဖြစ်သဖြင့် ဖခင်ကသိရှိစဉ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့သို့
သွားရောက်တိုင်ကြားခဲ့ကြောင်းကို စစ်ဆေးပေါ်ပေါက်ချက်အရ သိရကြောင်း၊ ထို့ကြောင့်
ဒေါ်မြတ်မြတ်လွင်(၄၈နှစ်)နှင့် ဒေါ်ခင်စန်းရီ (၅၃ နှစ်)တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး
ဥပဒေပုဒ်မ ၂၄/နှင့် ယင်းပုဒ်မ ၂၄/၃၂ တို့အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန်
အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း" ဖော်ပြသည်။
















