ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ၏ ရှယ်ယာဝင်တစ်ဦးထံ တရားမဝင် လက်နက်များတွေ့ရှိမှု စစ်ဆေးနေဆဲ

ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ၏ ရှယ်ယာဝင်တစ်ဦးထံ တရားမဝင် လက်နက်များတွေ့ရှိမှု စစ်ဆေးနေဆဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ညောင်ဖြူရွာတွင် တည်ထောင်ထားသော 'ငွေကမ္ဘာကျော်'
ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ၏ ရှယ်ယာဝင်တစ်ဦးဖြစ်သူ တရုတ်"ကိုးကန့် လူမျိုး ဦးရှောင်ဟွ
နေထိုင်သော အိမ်အတွင်း တရားမဝင် လက်နက်များတွေ့ရှိမှုနှင့် ပတ်သတ်၍ စစ်ဆေးနေဆဲ
ဖြစ်သည်ဟု မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် စိုင်းနော်ခမ်းလွင်က ယခုလ ၁၄ ရက်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

"လောလောဆယ်တော့ တရားခံကို စစ်ဆေးနေတုန်းပါပဲ၊ အဲဒါကြောင့် ဘာမှ အတိအကျပြောလို့
မရသေးပါဘူး" ဟု ၎င်းက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်များမှာ ပစ္စတိုအမျိုးအစား အကြီးနှင့် အသေး စုစုပေါင်းနှစ်လက်
ဖြစ်ပြီး သတင်းအရ ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် စက်ရုံဝင်းအတွင်းရှိ
ဦးရှောင်ဟွနေထိုင်သည့် အိမ်၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"သူက တစ်ချိန်က ပြည်သူ့စစ်အဖွဲ့ကဆိုတာတော့ သိရတယ်၊ အဲဒီလက်နက်တွေကို ဘာကြောင့်
သိမ်းထားတာလဲဆိုတာတော့ မသိရသေးပါဘူး၊ စစ်ဆေးနေတုန်းပါပဲ" ဟု လက်နက်များ
သိမ်းဆည်းရာတွင် ကိုယ်တိုင်ပါ၀င်ခဲ့သူ ဟိုပုံးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်
ကျော်မင်းစိုးက ပြောသည်။

လက်ရှိတွင် ဦးရှောင်ဟွအား ရှမ်းလက်နက်ကိုင်ဆောင်မှု ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်ထား
သည်။