သားအဖ ရန်ဖြစ်ရာမှ အစ္စလာမ် နေအိမ်လေးလုံး ဖျက်စီးခံရ

သားအဖ ရန်ဖြစ်ရာမှ အစ္စလာမ် နေအိမ်လေးလုံး ဖျက်စီးခံရ

ဘာသာမတူသူ သားအဖနှစ်ဦး စကားများရန် ဖြစ်ခြင်းကို အခြေခံကာ မသက်ဆိုင်သော
အစ္စလာမ်ဘာသာဝင်အိမ် ငါးလုံး အကြမ်းဖက် ဖျက်စီးခံရမှု ဇွန်လ ၁၆ ရက်နေ့ ည ၈ နာရီကျော်ခန့်
တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

"သားအဖနှစ်ယောက် အရက်မူးပြီး ရန်ဖြစ်ကြတာ။ အဖေက မွတ်စလင်မ်ကနေ ဗုဒ္ဓဘာသာ
ပြန်ခံယူထားတယ်။ သားဖြစ်တဲ့သူက သိပ်စိတ် မနှံ့ဘူးလေ။ သူ့အမေက မွတ်စလင်မ်။ အခု
အဖျက်ခံရတဲ့ အိမ်တွေက ဒီမိသားစုနဲ့ ဘာမှမဆိုင်တဲ့ အိမ်တွေချည်းပဲ"ဟု ဒေသခံတစ်ဦးက
ပြောသည်။

အဆိုပါ စက်တန်းရပ်ကွက်တွင် လူအင်အား ၂၀၀ ခန့်က အစ္စလာမ်ဘာသာဝင် နေအိမ် လေးလုံးကို
လာရောက်ဖျက်ဆီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက အတည်ပြု
ပြောကြားခဲ့သည်ဟု မဇ္ဈိမသတင်းစာ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက်ထိန်းသိမ်းသောကြောင့်
တစ်နာရီခန့်အကြာတွင် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသော်လည်း ထိုကျေးရွာရှိ
မွတ်စလင်ဘာသာဝင်များမှာ မနေရဲသေး၍ တိမ်းရှောင်နေသူများရှိကြောင်း ဒေသခံများက
ပြောသည်။

"ဒီနေ့(ဇွန်လ၁၈ရက်)မှာတော့ ကျေးရွာမှာ လုံခြံုရေးနည်းနည်း ချထားပေးတယ်။ ကျေးရွာရဲစခန်းမှာ
လုံခြံုရေးစောင့်တဲ့ ရဲတွေ ရှိတယ်။ ကျွန်တော်တို့ အိမ်နားက ဘုရားနားမှာလည်း
ရဲငါးယောက်လောက် စောင့်နေကြတယ်"ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

ကုန်းဇောင်းကျေးရွာတွင် အစ္စလာမ်ဘာသာဝင်အိမ်ခြေ ၃၂ အိမ်သာ ရှိကြောင်းသိရသည်။