ရန်ကင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုကျူးလွန်သူ ချစ်ပို(ခ)ဝေယံဖြိုး အပေါ်
အရှေ့ပိုင်းခရိုင်တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ခ)အရ စွဲချက်တင်ခဲ့ပြီး နှစ်ဖက်
အကျိုးဆောင်များ၏ အပြီးသတ်လျှောက်လွဲချက်များ ကြားနာရန် ဇူလိုင် ၁၀ ရက်နေ့သို့
ချိန်းဆိုထားသည်။
ယခုနှစ်မတ်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် ၀ါးတံတားပေါ်၌
မင်းမင်းဦး (၂၅ နှစ်)ကို ဓားနှင့် ခုတ်သတ်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံရသည့် ရန်ကင်းမြို့နယ်နေ
ချစ်ပို(ခ)ဝေယံဖြိုးကို အရှေ့ပိုင်းခရိုင်တရားရုံးခရိုင်တွဲဖက်ခရိုင် တရားသူကြီး (၄)ရုံးက ဇူလိုင်လ
၂ ရက်နေ့တွင် စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။
ဇွန်လ ၃၀ ရက်နေ့ကလည်း စွဲချက်တင်ခံရသူနှင့် ပြန်ခေါ်သက်သေ မောင်မောင်သိန်း(ခ)မူတူး
တို့ကို စစ်ဆေးခဲ့စဉ် ချစ်ပို(ခ)ဝေယံဖြိုးက 'မိမိလူသတ်မိခဲ့သော်လည်း သေစေလိုသည့်
ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့ခြင်းမဟုတ်ပဲ လက်လွန်သွားခြင်းသာဖြစ်ကြောင်း' ထွက်ဆိုခဲ့သည်။
တရားရုံးက နှစ်ဖက်အကျိုးဆောင်များ၏ လျှောက်လဲချက်များကို ကြားနာပြီးပါက
အမိန့်ချမှတ်မည်ဟု သိရသည်။
















