ခြိမ်းခြောက်ခံရသဖြင့် ဖောက်ခွဲမှုကျူးလွန်ခဲ့ဟု တရားရုံး၌ ထွက်ဆို

ခြိမ်းခြောက်ခံရသဖြင့် ဖောက်ခွဲမှုကျူးလွန်ခဲ့ဟု တရားရုံး၌ ထွက်ဆို

ရန်ကုန်မြို့၊ ကုန်သည်ကြီးများဟိုတယ်နှင့် Wastern Park Ruby စားသောက်ဆိုင်တွင်
ဗုံးဖောက်ထောင်ခြင်းနှင့် ဗုံးဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်ဆိုကာ အနောက်ပိုင်း ခရိုင်တရားရုံးက
ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ဖြင့် စွဲချက်တင် စစ်ဆေးခံရသူက
ခြိမ်းခြောက်စေခိုင်းသဖြင့် ပြုလုပ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ယမန်နှစ် အောက်တို့ဘာလက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ခွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က စောမြင့်လွင်(ခ)မောထ၊ ဦးမြဖူးနှင့် ဇော်လတ်မောင်တို့ကို
ဖမ်းဆီးကာ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အနောက်ပိုင်း ခရိုင်တရားရုံး၌ ပေါက်ကွဲစေတတ်သော
အက်ဥပဒေပုဒ်မ ၃/ကျင့်၅၁၂၊ တရားရုံး ပြစ်မှုကြီးအမှတ် ၈၆/၁၃၊ ပြစ်မှုသေးအမှှတ် ၁၀၇/၁၃ ဖြင့်
လက်ခံစစ်ဆေးခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ပေါက်ကွဲစေတက်သောဥပဒေပုဒ်မ (၃) ဖြင့်
စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထွက်ဆိုချက်တွင် ကေအင်န်ယူနှင့် ကေအင်န်အယ်လ်အေ တပ်မဟာမှ ဗိုလ်စောနေတိုးမှ
ရန်ကုန်တွင် ဗုံးဖောက်ခွဲရန်ပြုလုပ်စေခိုင်းခဲ့ကြောင်း၊ ဗုံးဖောက်ခွဲမှု ပြုလုပ်ပေးပါက ငွေကြေး
အထောက်အပံ့ပေးမည်ဖြစ်ပြီး၊ မလုပ်ဆောင်ပါက သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်စေခိုင်း
ခဲ့သည်ဟုဆိုသည်။

တစ်သတ်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့်အဆိုပါ ပုဒ်မဖြင့် ၎င်းတို့အား ဩဂုတ်လ
နောက်ဆုံးပတ်က တရားခွင်တွင် စစ်ဆေးစဉ် ထိုကဲ့သို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။