နိုင်ငံပိုင်သတင်းစာတိုက်မှ သတင်းစာဖိုးငွေနှင့် ကြော်ငြာဖိုးငွေ ကျပ်သိန်း ၂,၈၀၀ ကျော်အား
ကိုယ်ကျိုးအတွက် အလွဲသုံးစားမှုအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။
ကျပ် ၂,၈၈၆ သိန်းကို ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ခဲ့ကြသည်ဆိုမှုဖြင့် မြန်မာ့အလင်း
သတင်းစာတိုက်မှ မန်နေဂျာ ဦးထွန်းထွန်းလတ်၊ လက်ထောက် မန်နေဂျာဦးဝင်းမြင့် နှင့် ဖြန့်ချိရေး
မန်နေဂျာ ဦးကျော်မင်းဦး တို့အား ရန်ကုန် အနောက်ပိုင်းခရိုင် တွဲဖက်ခရိုင်တရားသူကြီး (၂) ရုံးက
၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သော ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ အရ
စွဲချက် လေးရပ် စီတင်ထားခြင်းဖြစ်ကာ တရားလိုဘက်မှ တင်သွင်းသော စာရင်းစစ်အစီရင်ခံစာနှင့်
ပတ်သက်၍ တရားခံများဘက်မှ အသေးစိတ် ထုချေထွက်ဆိုကြပြီး တရားခံပြသက်သေများ
စာရင်းတင်သွင်းခဲ့သည်။
တရားရုံးက တရားခံပြသက်သေ ၁၇ ဦးတို့ကို စစ်ဆေးခဲ့ပြီး ကျန်သက်သေ ကိုးဦးကို ဆက်လက်
စစ်ဆေးရန် ယခုလ ပထမပတ်တွင် ချိန်းဆိုထားခြင်းဖြစ်သည်။
၂၀၀၈ မှ ၂၀၁၁ ခုနှစ်အထိ မြန်မာ့အလင်း သတင်းစာတိုက်မှ သတင်းစာဖိုးငွေ နှင့် ကြော်ငြာဖိုးငွေ
များကို နိုင်ငံတော်သို့ ပေးသွင်းခြင်းမပြုဘဲ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ထားသည်ဟု
ဆိုကာ ၎င်းတို့ သုံးဦးအား စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့်
ဗဟန်းရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀/ ၄၆၈/ ၄၀၉ တို့အရ ၂၀၁၁ ခုနှစ်၊
အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အမှုကို ခရိုင်ဥပဒေ ရုံးမှ ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြ၍ အကြံပြုချက်တောင်းခံရာ မူလ
ဖွင့်ထားသည့် ပြစ်မှုပုဒ်မများအစား ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်
စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ သို့ ပြောင်းလဲဖွင့်လှစ်ရန် ၂၀၁၁ ခုနှစ်၊ နို၀င်ဘာလ ၂၅ ရက်နေ့တွင်
အကြောင်းပြန်ကြားသဖြင့် အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သော အမှုဖြစ်ခဲ့သည်။
















