လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့် အဖွဲ့သည် ယခုလ ၂၁ ရက်နေ့ နံနက်
၁၀ နာရီ ၂၀ အချိန်ခန့်တွင် မင်းလွင်ကုန်း ပူးပေါင်းစစ်ဆေးရေးဂိတ် တာဝန်ခံအဖွဲ့ နှင့်အတူ
ကုန်တင်ယာဉ်များကို ရှာဖွေစစ်ဆေးနေစဉ် ဖွဲအိတ်များတင်ဆောင်သည့် ဟီးနိုးယာဉ်ကို
စစ်ဆေးခဲ့ရာ ဖွဲအိတ်များအောက်၌ ကျွန်းတံခါးချပ်များနှင့် ပျဉ်းကတိုးခွဲသားများ
တင်ဆောင်လာသည်ကို တွေ့ရသဖြင့် မြို့မပျိုးဥယျာဉ်သို့ မောင်းနှင်စေပြီး စစ်ဆေးခဲ့သည်။
၎င်းယာဉ်ပေါ်မှ ကျွန်းတံခါး ၁၂၀ ချပ်၊ ပျဉ်းကတိုး ခွဲသား ၅၆ ချောင်းတို့ကို သိမ်းဆည်းခဲ့
သောကြောင့် ဖြူးမြို့နေ ယာဉ်မောင်း အောင်နိုင်ဝင်း(ခ)အငယ်လေး (၃၄နှစ်)၊ ယာဉ်နောက်လိုက်
မြင့်မောင်ထွန်း(ခ)ဖိုးကုလား (၃၈ နှစ်)နှင့် ယာဉ်ပိုင်ရှင် မျိုးမြင့်အောင်(စုံစမ်းဆဲ)တို့ကို
လှည်းကူးမြို့မရဲစခန်းက အမှုဖွင့်ထားသည်။
















