ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံးမှုဖြစ်

ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံးမှုဖြစ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းတွင် ယခုလ ၁၈ ရက်နေ့ ညပိုင်းက
ဖြစ်ပွားခဲ့သော ရိုက်နှက်မှုတွင် အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။

အဆိုပါနေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနေ ကိုစည်သူထက်နှင့်
တပ်မတော်သားနှစ်ဦး ပါ၀င်သော လူသုံးဦးတို့ စကားများရန်ဖြစ် ရိုက်နှက်မှုဖြစ်ခဲ့ကြပြီး ကိုစည်သူ
ထက်မှာ မန္တလေးမြို့ အထွေအထွေရောဂါကု ဆေးရုံကြီးတွင် ကုသမှု ခံယူနေခဲ့ရရာမှ ယခု လ
၁၉ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွား ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုများက ပြောသည်။

"သူ့ဆရာ လုပ်ငန်းအဆင်ပြေလို့ စားသောက်ကြမယ်ဆိုပြီး ထွက်သွားတာ သူနဲ့အတူ
သူငယ်ချင်းနှစ်ယောက်လည်း ပါတယ်။ သူငယ်ချင်းတွေကတော့ စကား များရန်ဖြစ်ကြတော့
ပြေးကြတယ်။ ရစရာမရှိအောင်ကို ထိုးကြိတ်ရိုက်ထားကြတယ်။ ထိုးနှက်တဲ့အခါမှာလည်း
စ်သားကွဆိုပြီး တော့ကို ထိုးနှက်ကြတာ၊ စစ်သားဆိုတိုင်း အခုလို ပြည်သူကို ရိုက်နှက်
စရာလား" ဟု သေဆုံးသွားသူ ကိုစည်သူထက်၏ ဖခင်ဖြစ်သူ ဦးညွန့်ဝေက မြန်မာတိုင်း(မ်) ကို
ယခုလ ၂၂ ရက်နေ့က ပြောသည်။

ထိုးကြိတ်ရိုက်နှက်မှုကြောင့် လည်ပင်း တွင် ဖိနပ်ဒဏ်ရာများ၊ ဦးခေါင်းထိခိုက်ဒဏ်ရာ များနှင့်
မျက်လုံးတို့တွင် ဒဏ်ရာများရရှိခဲ့ ကြောင်းနှင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိရောက်သည့်
အရေးယူမှုများကို တာဝန်ရှိသူများအနေဖြင့် ပြုလုပ်ပေးစေလိုကြောင်း ၎င်းကပြောသည်။

ရိုက်နှက်မှုတွင် ပါ၀င်ခဲ့သော တပ်မတော်သားနှစ်ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး တပ်မ (၃၃) က
ဖြစ်သည့်အတွက် တပ်ရင်းက တပ်တွင်း ဥပဒေဖြင့်အရေးယူရန် ခေါ်ဆောင် သွားပြီး၊ အရပ်သား
တစ်ဦးကို စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေကြောင်း အရ အရေးယူဆောင်ရွက်သွား
မည်ဖြစ်ကြောင်း အမှတ်(၁၀) ရဲစခန်း၊ စခန်းမှူးက ဆိုသည်။

"ရိုက်ခံရတဲ့သူက မူးနေတယ်။ ဆိုင်ကယ် ပေါ်ကနေ ပြုတ်ကျသွားတဲ့အချိန် အသွား အလာ
လုပ်နေတဲ့သူတွေကို ရန်ပြုတယ်။ဒါကြောင့် အခုလိုမဖြစ်သင့်တာတွေ ဖြစ်သွားရတာပါ" ဟု
သက်ဆိုင်ရာ ရဲစခန်းမှူးက မြန်မာတိုင်း(မ်)ကို ပြောသည်။