စိန်နားကတ် ခိုးယူခံရမှု သတင်းပေးရန် ဖိတ်ခေါ်

စိန်နားကတ် ခိုးယူခံရမှု သတင်းပေးရန် ဖိတ်ခေါ်

လမ်းမတော်မြို့နယ်ရှိ စိန်ဆိုင်မှ ကျပ်သိန်း ၁၉၀ တန် စိန်နားကပ်ခိုးယူသူ နှစ်ဦးကို ဖမ်းဆီး
ဖော်ထုတ်နိုင်ရေးအတွက် ပြည်သူလုထုမှ သတင်းပေးနိုင်ရန် အကူညီတောင်းခံထားကြောင်း
သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ
Diamond & Me ရတနာဆိုင်သို့ နိုင်ငံခြားသားနှစ်ဦး ရောက်ရှိလာပြီး ငွေကျပ်သိန်း ၁၉၀ တန်ဖိုးရှိ
စိန်နားကပ် တစ်ရံကို လေးငါးကြိမ်ခန့် တောင်းယူကြည့်ရှုကာ ရတနာဘူးအတွင်း ပြန်ထည့်ပေးပြီး
မွန်းလွဲ ၂ နာရီ ၅ မိနစ် အချိန် ဆိုင်မှ ပြန်ထွက်သွားခဲ့သည်။

မွန်းလွဲ ၂ နာရီ ၂၀ အချိန်တွင် ၎င်းတို့ ကြည့်ရှုခဲ့သည့် ရတနာဘူးကို စစ်ဆေးစဉ် စိန်နားကပ်
ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လမ်းမတော်မြို့မရဲစခန်း(ပ)၂၃၅/၁၄၊ ပြစ်မှု ပုဒ်မ ၃၈၀ အရ အမှုဖွင့် စုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့မှ အခင်းဖြစ်ဆိုင်ရှိ စီစီတီဗီမှတ်တမ်းမှ ပြစ်မှုကျူးလွန်သူ နှစ်ဦး၏ မှတ်တမ်းဓာတ်ပုံအား
ထုတ်ယူရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရဲစခန်းများ၊ ဟိုတယ်၊ မိုတယ်၊
တည်းခိုခန်းများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အဝေးပြေးကားဂိတ်များသို့ ဖြန့်ဝေထားပြီး
ပြည်သူများအနေဖြင့်လည်း ဆက်သွယ်သတင်းပေးရန် အကူအညီတောင်းခံထားသည်။